နယူးဇီလန်၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ ရက် ၁၀၀ ပြည့်ပြီဖြစ်

နယူးဇီလန်၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ ရက် ၁၀၀ ပြည့်ပြီဖြစ်

နယူးဇီလန်နိုင်ငံ၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ သြဂုတ် ၉ ရက်တွင် ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။

သို့သော် ဗီယက်နမ်နှင့် သြစတြေးလျတို့ကဲ့သို့ ကနဦးတွင် COVID-19 ကူးစက်မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ကူးစက်သူသစ်ဦးရေ ပြန်တိုးလာခဲ့သဖြင့် ပေါ့လျော့ခြင်းမပြုရန် နယူးဇီလန်အစိုးရက သတိပေးထားသည်။

လူဦးရေ ငါးသန်းရှိသော နယူးဇီလန်သည် COVID-19 ကို အောင်မြင်စွာတန်ပြန်နိုင်ခဲ့သောကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်အကင်းဆုံးနိုင်ငံဖြစ်နေပြီဖြစ်သည်။

နယူးဇီလန်၌ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ပတ်နေပြီဖြစ်သော်လည်း လူတချို့သည် COVID-19 ရှိမရှိစစ်ဆေးမှုမခံယူလိုခြင်း၊ အစိုးရက ဖြန့်ချိထားသည့် ကူးစက်သူခြေရာခံမှုအက်ပလီကေးရှင်းကို အသုံးမပြုလိုခြင်းနှင့် အခြေခံကျန်းမာရေးစည်းမျဉ်းများကို မလိုက်နာခြင်းတို့ရှိနေသဖြင့် ကူးစက်မှု ပြန်လည်ခေါင်းထောင်လာမည်ကို အစိုးရက စိုးရိမ်နေသည်။

"ရပ်ကွက်ကျေးရွာတွင်း ကူးစက်မှုမရှိဘဲနေခဲ့တာ ရက် ၁၀၀ ပြည့်ခဲ့တာ မိုင်တိုင်တစ်ခုပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ ပေါ့လျော့လို့မရပါဘူး" ဟု ကျန်းမာရေးဌာနအကြီးအကဲ ဒေါက်တာ အက်ရှ်လေ ဘလွမ်းဖီးဒ်ကပြောဆိုခဲ့သည်။

နယူးဇီလန်ရှိ သီးခြားထားရှိစောင့်ကြည့်စခန်းများတွင် COVID-19 အတည်ပြုလူနာ ၂၃ ဦးရှိနေပြီး ယခုအချိန်အထိ ကူးစက်သူ ၁၂၁၉ ဦးရှိနေသည်။ ပြည်ပမှပြန်လာသည့် နယူးဇီလန်သားများအနက် အချို့သည် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများ ခိုးထွက်ခြင်း၊ လုံခြုံရေးပေါ့လျော့ခြင်းများရှိခဲ့သည်။

လွန်ခဲ့သောအပတ်တွင် နယူးဇီလန်အစိုးရသည် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများ၌ COVID-19 ရှိမရှိစစ်ဆေးမှုကို တိုးမြှင့်ပြုလုပ်ခဲ့ပြီး ဘလူးတုနည်းပညာအသုံးပြုကာ ကူးစက်သူနှင့် ၎င်းတို့နှင့်အနီးကပ်ထိတွေ့ခဲ့သူများကိုခြေရာခံမှု ပြုလုပ်နေသည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်သည် သြဂုတ် ၈ ရက်တွင် မဲဆွယ်စည်းရုံးမှုကိုစတင်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲသည် ကိုဗစ်ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။