ကမာရွတ်မြို့နယ်၌ ကြိုးပြတ်နေသည့် ဘေးလွယ်အိတ်တစ်ခုနှင့်အတူ လမ်းမပေါ် ပြေးလွှားနေသူကို လှည့်ကင်းအဖွဲ့က လုယက်မှု မသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သြဂုတ် ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ် ၉ ရက် ညနေ ၄ နာရီခွဲ အချိန်တွင် ကမာရွတ်မြို့နယ်၊ အမှတ်၊(၅)ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံဝန်းအနီး အင်းယား လမ်းဘက်သို့ ဂျင်း ဘောင်းဘီအရှည် နှင့် အပြာနုရောင် တီရှပ် လက်တို ဝတ်ဆင် ထားသော အမျိုးသားတစ်ဦး ပြေးလာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ကမာရွတ်မြို့ မရဲစခန်းမှ ဒုရဲအုပ်လွမ်းမိုး နှင့်အဖွဲ့ ဦးဆောင်သည့် နယ်ထိန်းအဖွဲ့က စစ်မေးရန် ခေါ်ယူစဉ် ထွက်ပြေးသွားခဲ့သည်။
အဆိုပါ အမျိုးသားမှာ ထွက်ပြေးရာလမ်း၌ ၎င်းဝတ်ဆင်ထားသော အပြာနုရောင် တီရှပ်လတ်တို အင်္ကျီကို ချွတ်၍ ထွက်ပြေးသွားပြီး တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်မီးပွိုင့် နေရာတွင် ဖမ်းဆီးရ မိခဲ့သည်။
ဖမ်းဆီးရမိသူမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကြိုးကြာကုန်းရပ်ကွက်နေ သန်းထိုက်အောင် (ခ) ရှိုင်းဇော်(၂၅)နှစ်ဖြစ်ပြီး ၎င်းထွက်ပြေးစဉ်ချွတ်ခဲ့သည့် အင်္ကျီကို လက်တွင် ကိုင်ထားပြီး အမျိုးသမီး လွယ်အိတ်တစ်လုံးကို လွယ်ကြိုးပြတ်လျက် တွေ့ရှိခဲ့သည်။
အဆိုပါအိတ်အတွင်း အလေးချိန် ၈ ပဲ ၇ ရွေးခန့်ရှိ သံကြိုးဆက်ပုံပါ ဆွဲကြိုးနှင့် ရွှေအိုးလော့ ကတ်သီး ပါရွှေဆွဲကြိုးတစ်ကုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍ စစ်မေးရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ကမာရွတ်ရဲစခန်းက (ပ)၇၇၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂/ ၅၄ အရအမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်သည်။

















