အက်သလက်တီကိုသည် လာမည့် သြဂုတ်(၁၃)ရက်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဂျာမန်ကလပ်လိုက်ပ်ဇစ်နှင့်ကစားရမည်ဖြစ်သဖြင့် ပြိုင်ပွဲကျင်းပမည့် လစ္စဘွန်းသို့ ခရီးမထွက်ခွာမီ COVID-19 စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူနှစ်ဦးတွေ့ရှိသည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်မှုများကြောင့် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲကို ဖြစ်နိုင်သည့်နည်းလမ်းဖြင့် ကျင်းပနေရာ ကွာတားဖိုင်နယ်အဆင့်မှ ဗိုလ်လုပွဲအထိ ပွဲစဉ်ပေါင်း ခုနစ်ပွဲအား ပေါ်တူဂီနိုင်ငံတွင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။
အက်သလက်တီကိုသည် သြဂုတ်(၈)ရက်က အသင်း၏လေ့ကျင့်ရေးကွင်းတွင် ကစားသမားများအပါအဝင် နည်းပြအဖွဲ့ဝင်များကို COVID-19 စစ်ဆေးခဲ့ခြင်းဖြစ်ကာ အဖွဲ့ဝင်နှစ်ဦးဗိုင်းရပ်စ်ရှိနေခဲ့သည်။
ယခုကဲ့သို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမတိုင်မီ ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိသည့်အကြောင်းကို စပိန်နှင့်ပေါ်တူဂီကျန်းမာရေး အာဏာပိုင်များနှင့်ယူအီးအက်ဖ်အေအပြင် စပိန်ဘောလုံးအဖွဲ့ချုပ်နှင့်ပေါ်တူဂီဘောလုံးအဖွဲ့ချူပ်တို့ထံ ချက်ချင်းသတင်းပို့ခဲ့ကြောင်း အက်သလက်တီကိုအသင်း၏ ထုတ်ပြန်ချက်၌ ပါဝင်ခဲ့သည်။
အက်သလက်တီကိုမှ ဗိုင်းရပ်စ်ကူးစက်ခံရသူနှစ်ဦးမှာ မည်သူဖြစ်သည်ကို ထုတ်ပြန် ခဲ့ခြင်းမရှိကြောင်း သိရပြီး လက်ရှိ၌ နှစ်ဦးစလုံးနေအိမ်၌ သီးခြားနေထိုင်နေရသည်။
အက်သလက်တီကိုသည် လွန်ခဲ့သည့် သီတင်းပတ်က COVID-19ကူးစက်ခံရသူတွေ့ရ၍ အမျိူးသမီးအသင်း၏ ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ရကြောင်း ESPNက ဖော်ပြခဲ့သည်။
ယမန်နှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်ဖြင့်ကျေနပ်ခဲ့ရသော အက်သလက်တီကိုသည် ယခုနှစ်၌ လက်ရှိချန်ပီယံလီဗာပူးကို ကျော်ဖြတ်၍ ကွာတားဇိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။















