အမေရိကန်ကျန်းမာရေးဝန်ကြီး အလက်ဇ် အဇာသည် ထိုင်ဝမ်သို့ သြဂုတ် ၉ ရက် အနှောင်းပိုင်းတွင်ရောက်ရှိခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် သံတမန်ရေးအရ အဆက်အသွယ်ဖြတ်တောက်ပြီး တရုတ်နိုင်ငံကို အသိအမှတ်ပြုခဲ့သည့် ၁၉၇၉ ခုနှစ်မှစ၍ ထိုင်ဝမ်သို့ အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရအရာရှိတစ်ဦး လာရောက်ခြင်းဖြစ်သည်။ အဇာသည် သုံးရက်ခရီးစဉ်အတွင်း ဒီမိုကရေစီတန်ဖိုးများ၊ ထိုင်ဝမ်၏ COVID-19 တိုက်ဖျက်မှု အတွေ့အကြုံများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထိုင်ဝမ်အား အပြည့်အဝထောက်ခံကြောင်း ပြောဆိုသည့် သတင်းစကားကိုလည်း ပါးလိုပါကြောင်း အဇာက က ဆိုင်ကိုပြောဆိုခဲ့သည်။ ထိုင်ဝမ်လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုသည် ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီနည်းလည်း ကျသောကြောင့် COVID-19 ကို အောင်မြင်စွာတုံ့ပြန်နိုင်ခြင်းဖြစ်ကြောင်း အဇာကပြောဆိုခဲ့သည်။
သြဂုတ် ၁၀ ရက် အစောပိုင်းတွင် တရုတ်တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ပျံသန်းခဲ့သဖြင့် ထိုင်ဝမ်တိုက်လေယာဉ်များက ပြန်လည်နှင်ထုတ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းဆုံလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

















