ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁ ဦးနှင့် သေဆုံးသစ် တစ်ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၈၄၁ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၉ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များသည် လွန်ခဲ့သောလအကုန်ပိုင်းတွင် COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့သည့် ဒါနန်းမြို့နှင့်ဆက်စပ်နေကြာင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒါနန်းမြို့၌ ဗိုင်းရပ်စ်ကူးစက်မှုပြန်လည်ခေါင်းထောင်လာချိန်မှစ၍ ကူးစက်သူသစ် ၃၅၅ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိခဲ့သည်။ ယင်းအချိန်မှစ၍ ဗီယက်နမ်တစ်ဝန်းရှိ နေရာ ၁၅ ခုတို့တွင် ကူးစက်မှုများရှိခဲ့သည်။
COVID-19 အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ထိရောက်စွာခြေရာခံခြင်း၊ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းနှင့် တင်းကျပ်သော သီးခြားထားရှိ စောင့်ကြည့်မှုစနစ်ကျင့်သုံးခြင်းတို့ကြောင့် ဗီယက်နမ်သည် ဗိုင်းရပ်စ်ကူးစက်မှု ကနဦးအခြေအနေတွင် အောင်မြင်မှုရရှိခဲ့သော်လည်း ဇူလိုင် ၂၅ ရက်တွင် ဒါနန်းမြို့၌ ကူးစက်မှုပြန်ရှိလာပြီးနောက် ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန်ကြိုးပမ်းခဲ့ရသည်။
ဗီယက်နမ်နိုင်ငံ၌ COVID-19 ကူးစက်မှုအန္တရာယ် အကြီးအကျယ်ရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ငုယင် ရွှန်ဖူက သြဂုတ် ၇ ရက်တွင် ပြောဆိုခဲ့သည်။ ပြည်တွင်းမှာ ရပ်ကွက်ကျေးရွာတွင်း ကူးစက်နိုင်ခြေ ကြီးမားနေပါတယ်၊ ဒါကြောင့် လာမည့်နှစ်ပတ်အတွင်း နိုင်ငံခေါင်းဆောင်များက ပြတ်သားစွာ၊ ညီညွတ်စွာနဲ့ ဆောင်ရွက်ဖို့လိုအပ်နေပါတယ် ဟု ၎င်းကပြောဆိုခဲ့သည်။
လူဦးရေ ၁ ဒသမ ၁ သန်းရှိသော အပန်းဖြေမြို့ ဒါနန်း၌ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တင်းကျပ်စွာချမှတ်ထားပြီး အားကစားရုံကြီးတစ်ခုကိုလည်း ခုတင် ၁၀၀၀ ဆန့်ဆေးရုံအဖြစ်ပြောင်းလဲထားသည်။

















