ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၉ ရက်တွင် COVID-19 ဖြင့် သေဆုံးသူသစ် ၆၁ ဦးရှိခဲ့ပြီး ယင်းသည် တစ်ရက်အတွင်း သေဆုံးသူအများဆုံးရှိခဲ့ကာ နိုင်ငံတွင်း COVID-19 ဖြင့်သေဆုံးသူစုစုပေါင်း ၂၂၇၀ အထိရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၁၀၉ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၁၂၉၉၁၃ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်သောကြောင့် ကူးစက်သူသစ်ဦးရေ တိုးလာခြင်းဖြစ်ကြောင်း သမ္မတ၏ပြောခွင့်ရှိသူ ဟာရီရိုက သြဂုတ် ၇ ရက်တွင် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်သည် COVID-19 ကူးစက်သူဦးရေတွင် အင်ဒိုနီးရှားကို ကျော်တက်ပြီး အရှေ့တောင်အာရှ၌ ဦးရေအများဆုံးရှိနေပြီဖြစ်သည်။ ဖိလစ်ပိုင်၌ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ခဲ့သည့် ဇွန်မှစ၍ ကူးစက်သူဦးရေ ခုနစ်ဆတိုးလာပြီး သေဆုံးသူဦးရေ နှစ်ဆကျော်တိုးလာခဲ့သည်။
ယင်းကြောင့် အာဏာပိုင်များသည် မနီလာနှင့် အနီးဝန်းကျင်ဒေသများတွင် ကူးသန်းသွားလာမှု ပိတ်ပင်ချက်များကို ယခုအပတ်မှစ၍ ပြန်လည်မှတ်ခဲ့ရသည်။ COVID-19 ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးပြန်လည်ဦးမော့လာရေးအတွက် ဖိလစ်ပိုင်နိုင်ငံသုံး ပီဆို ၁ ဒသမ ၅၆ ထရီလီယံလိုအပ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အောက်လွှတ်တော်ရှိ စီးပွားရေးပြန်လည် ဦးမော့ရေးကော်မတီတွဲဖက်ဥက္ကဋ္ဌ စတယ်လာ ကွမ်ဘိုကပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသား ၆၀ ကျော် အလုပ်လုပ်ကိုင်နေသည့် အသေးစားစီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေထုတ်ပေးခြင်းတို့ကို အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကွမ်ဘိုကပြောဆိုခဲ့သည်။

















