COVID-19 တိုက်ဖျက်ရေးနှင့် ရေဘေး ကူညီရန် မြောက်ကိုရီးယား စေတနာ့ဝန်ထမ်းများကို ကြက်ခြေနီအဖွဲ့ သင်တန်းပေး

COVID-19 တိုက်ဖျက်ရေးနှင့် ရေဘေး ကူညီရန် မြောက်ကိုရီးယား စေတနာ့ဝန်ထမ်းများကို ကြက်ခြေနီအဖွဲ့ သင်တန်းပေး

မြောက်ကိုရီးယား၌ COVID-19 တိုက်ဖျက်ရေးနှင့် ရေဘေးသင့် ပြည်သူများအား အစားအစာအပါအဝင် အကူအညီများပေးနိုင်ရန်အတွက် ကြက်ခြေနီအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသား စေတနာ့ဝန်ထမ်း ၄၃၀၀၀ ကျော်ကို သင်တန်းပေးနေကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့၏ပြောခွင့်ရှိသူက သြဂုတ် ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့ပြီး လွန်ခဲ့သောလတွင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ ကေဆောင်မြို့သို့ပြန်လာကာ COVID-19 ရောဂါလက္ခဏာရှိနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ကေဆောင်မြို့၌ လူဝင်လူထွက်ပိတ်ပင်ပြီး အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။

မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မြောက်ကိုရီးယား၌ သီးနှံများပျက်စီးပြီး စားနပ်ရိက္ခာပြတ်လပ်တော့မည်ဟု စိုးရိမ်မှုများရှိလာခဲ့သည်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့(IFRC) အဖွဲ့တို့သည် မြောက်ကိုရီးယားရှိ ခရိုင်ကိုးခုလုံးတွင် COVID-19 တိုက်ဖျက်ရေးနှင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် ထိခိုက်နစ်နာမှုများ လျော့နည်းရေးအတွက် မြောက်ကိုရီးယားနိုင်ငံသား စေတနာ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားမှုများပြုလုပ်နေကြောင်း ကြက်ခြေနီအဖွဲ့၏ပြောခွင့်ရှိသူ အန်ထော်နီ ဘယ်မိန်းက ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံးရာပေါင်းများစွာ ထိခိုက်ပျက်စီးပြီး စပါးခင်းများစွာ ရေမြုပ်ခဲ့ကြောင်း ဘယ်လ်မိန်းကပြောဆိုခဲ့သည်။ လူဝင်လူထွက်ပိတ်ပင်မှုနှင့် ရေကြီးရေလျှံမှုဒဏ်ခံနေရသည့် ကေဆောင်၌ IFRC မှ စေတနာ့ဝန်ထမ်းများသည် ရေဘေးသင့် မိသားစု ၂၁၀၀ တို့အား တာပေါ်လင်စများ၊ မီးဖိုဆောင်သုံးပစ္စည်းများ၊ ဂွမ်းဆောင်များ၊ ဆေးဝါးများနှင့် ရေစည်များကို ထောက်ပံ့ပေးနေသည်။

ကင်သည်လည်း ကေဆောင်သို့ အထူးအကူအညီများကို ပေးပို့လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၀ ရက်တွင်ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၌ COVID-19 အတည်ပြုလူနာရှိနေကြောင်း ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တင်းကျပ်သော ကူးသန်းသွားလာမှု ကန့်သတ်ချက်များကို ချမှတ်ထားသည်။