ဒီမိုကရေစီအရေးလိုလားသူ ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင် လုံခြုံရေးဥပဒေသစ်ချိုးဖောက်မှုဖြင့် အဖမ်းခံရ

ဒီမိုကရေစီအရေးလိုလားသူ ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင် လုံခြုံရေးဥပဒေသစ်ချိုးဖောက်မှုဖြင့် အဖမ်းခံရ

ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလိုလားသော မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင်သည် အမျိုးသားလုံခြံုရေးဥပဒေသစ်ချိုးဖောက်မှုဖြင့် သြဂုတ် ၁၀ ရက်တွင် အဖမ်းခံခဲ့ရပြီး ၎င်း၏သတင်းစာရုံးခန်းများကိုလည်း ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့သည်။

လိုင်ပိုင်ဆိုင်သော Next Media ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းစုအပေါ် ပစ်မှတ်ထားသည့် လုပ်ဆောင်မှုအတွင်း လိုင်နှင့် အခြားလူခြောက်ဦးတို့ အဖမ်းခံခဲ့ရသည်။ နံနက် ခုနစ်နာရီတွင် လိုင်၏နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လိုင်၏အနီးနေပုဂ္ဂိုလ်တစ်ဦးကပြောဆိုခဲ့သည်။

ပြည်ပအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လိမ်လည်မှုများဖြင့် လူခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ လိုင်၏ Apple Daily သတင်းစာ၌ လုပ်ကိုင်နေသည့် သတင်းသမားများ၏ ရဲတပ်ဖွဲ့ဝင်များ၏စီးနင်းရှာဖွေမှုကို မှတ်တမ်းတင်ပြီး ဖေ့စ်ဘွတ်ခ်တွင် ပြန်လည်ဝေမျှခဲ့ကြသည်။

သတင်းစာအယ်ဒီတာချုပ် လော ဝိုင်ကွန်က ရဲတပ်ဖွဲ့ဝင်များအား ရှာဖွေခွင့်ဝရမ်းတောင်းနေပုံကို ဗီဒီယိုဖိုင်များတွင် မြင်တွေ့ရမည်ဖြစ်သည်။ "ကျွန်တော်တို့ရှေ့နေတွေက ဝရမ်းကို စစ်ဆေးပြီးတဲ့အထိ ခင်ဗျားတို့ ဘာမှ မထိမကိုင်ကြနဲ့"ဟု လောက ရဲတပ်ဖွဲ့ဝင်များအားပြောဆိုခဲ့သည်။

Apple ရှိ ဝန်ထမ်းများသည် ရဲတပ်ဖွဲ့ဝင်များ၏စစ်ဆေးမှုခံယူရန်အတွက် တန်းစီခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များကလည်း သတင်းခန်းတွင်း ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးရှာဖွေမှုများကို ပြုလုပ်ခဲ့သည်။ လက်ထိပ်ခတ်ခံထားရသည့် အသက် ၇၂ နှစ်အရွယ် လိုင်၏ပုံကိုလည်း လူမှုမီဒီယာများတွင်မြင်တွေ့ခဲ့ရသည်။

ဟောင်ကောင်၌ ယမန်နှစ်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းထန်သော ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို တန်ပြန်ရန်အတွက် လုံခြံုရေးဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဥပဒေအတည်ပြုပြီးချိန်မှစ၍ အာဏာပိုင်များသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ပစ်မှတ်ထားဖိနှိပ်ခဲ့သောကြောင့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတို့ကလည်း ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးဖြစ်သည်။

လိုင်၏နေ့စဉ်ထုတ်သတင်းစာသည် ဒီမိုကရေစီအရေး လိုလားကြောင်း ထင်ထင်ရှားရှားထုတ်ဖော်ကာ တရုတ်အစိုးရကိုလည်း မကြာခဏဝေဖန်ခဲ့သည်။ ဟောင်ကောင်သားအများစုအတွက်တော့ မူးပဲအစမှ ထူးကဲဘဝတည်ထောင်ခဲ့သည့် လိုင်သည် သူရဲကောင်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံပိုင်မီဒီယာကမူ လိုင်သည် သစ္စာဖောက်တစ်ဦးဖြစ်ပြီး ယမန်နှစ်ဆန္ဒပြမှုများနောက်ကွယ်မှ လက်မည်းကြီးဖြစ်ကာ ပြည်မကြီးထိခိုက်မှုရှိရေးအတွက် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လေးဦးဂိုဏ်းသစ်ဝင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယမန်နှစ်တွင် လိုင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို၊ ဒုတိယသမ္မတ မိုက်ခ် ပန့်စ်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် လိုင်အပေါ် တရုတ်နိုင်ငံပိုင်မီဒီယာက တိုးမြှင့်ဝေဖန်လာခဲ့သည်။ ဟောင်ကောင်၌ လုံခြံုရေးဥပဒေမသက်ရောက်မီ နှစ်ပတ်အလိုတွင် လိုင်က အကျဉ်းကျခံရန် အသင့်ပြင်ထားပြီးဖြစ်ပြီး မဖတ်ရသေးသည့် စာအုပ်များကိုလည်း ဖတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။