အမေရိကန်လွှတ်တော် အမတ်များအပေါ် အရေးယူပိတ်ဆို့မှုများ တရုတ်ချမှတ်

အမေရိကန်လွှတ်တော် အမတ်များအပေါ် အရေးယူပိတ်ဆို့မှုများ တရုတ်ချမှတ်

ဟောင်ကောင်ရှိ နိုင်ငံရေးလွတ်လပ်မှုများကို ဖိနှိပ်မှုဖြင့် အမေရိကန်ပြည်ထောင်စုက ဟောင်ကောင်နှင့် တရုတ်အစိုးရအရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ကလည်း အမေရိကန်လွှတ်တော်အမတ်များအပါအဝင် အမေရိကန်နိုင်ငံသား ၁၁ ဦးတို့အပေါ် သြဂုတ် ၁၀ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

တရုတ်က ပိတ်ဆို့မှုများ ချမှတ်ခံရသူများတွင် အထက်လွှတ်တော်အမတ်များဖြစ်သည့် တက်ဒ် ခရုဇ်၊ မာကို ရူဘီယို၊ တွမ် ကော်တန်၊ ဂျို့ရှ် ဟော်လေ၊ ပတ် တူမေ၊ အောက်လွှတ်တော်အမတ် ခရစ် စမစ်နှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များမှ လူပုဂ္ဂိုလ်များလည်းပါဝင်သည်။

အမေရိကန်ပြည်ထောင်စု၏မှားယွင်းသော အပြုအမူကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် ဟောင်ကောင်နှင့်ဆက်စပ်သောအရေးကိစ္စများနှင့်ပတ်သက်၍ မှားယွင်းစွာပြုမူခဲ့သည့် လူပုဂ္ဂိုလ်များအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ကျောက် လီချန်းက သြဂုတ် ၁၀ ရက်တွင် သတင်းစာရှင်းလင်းပြောဆိုခဲ့သည်။ ပိတ်ဆို့မှုများတွင် မည်သည့်အချက်များပါဝင်မည်ကိုမူ ကျောက်လီချန်းက ရှင်းလင်းပြောဆိုခြင်းမပြုခဲ့ချေ။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည့် သမ္မတဆိုင်ရာ ညွှန်ကြားချက်အရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဟောင်ကောင်အကြီးအကဲ ကာရီလမ်၊ ဟောင်ကောင်ရှိ လက်ရှိနှင့် ယခင်ရဲချုပ်များအပေါ် အရေးယူပိတ်ဆို့မှုများကို သြဂုတ် ၇ ရက်တွင် ချမှတ်ခဲ့ပြီးဖြစ်သည်။

ဇွန်လအကုန်ပိုင်းတွင် တရုတ်အစိုးရက အတည်ပြုခဲ့သည့် ဟောင်ကောင်လုံခြုံရေးဥပဒေနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် အမေရိကန်လွှတ်တော်အမတ်များ ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။