ပီလီ၏ ဂိုးအများဆုံးစံချိန် လိုက်မီရန် စီရိုနယ်ဒို ဂိုး ၃၀သာလို

ပီလီ၏ ဂိုးအများဆုံးစံချိန် လိုက်မီရန် စီရိုနယ်ဒို ဂိုး ၃၀သာလို

ပေါ်တူဂီနှင့်ဂျူဗင်တပ်စ်အဓိကတိုက်စစ်မှူး စီရိုနယ်ဒိုသည် ဘရာဇီးဂန္ထဝင်ဘောလုံးအကျော် အမော်ပီလီ၏ အမြဲတမ်းဂိုးအများဆုံးစံချိန်ကို လိုက်မီရန်ဂိုး ၃၀ သာ လိုအပ်နေရာ မကြာမီကာလ၌ စံချိန်မီသွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ သည်ဆန်းက ဖော်ပြခဲ့သည်။

အသက်(၃၅)နှစ်အရွယ် တိုက်စစ်မှူးစီရိုနယ်ဒိုသည် လိုင်ယွန်အားအနိုင်ရခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ဒု-ကျော့တွင် နှစ်ဂိုးသွင်းနိုင်ခဲ့သောကြောင့် ကစားသမားဘဝတစ်လျှောက်နိုင်ငံနှင့် ကလပ်အသင်းကိုယ်စားပြု၍ ၇၃၇ ဂိုးပြည့်လာခဲ့ကြောင်း သည်ဆန်းကဆိုသည်။ အသက်(၇၉)နှစ် အရွယ်ရှိပြီဖြစ်သောပီလီသည် ကစားသမားဘဝ၌ နိုင်ငံနှင့် ကလပ်ကိုယ်စားပြု၍ စုစုပေါင်း ၁၃၆၁ ပွဲ ကစားခဲ့ရာ ၁၂၈၆ဂိုးထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်ထားသူဖြစ်သည်။

ပီလီ၏သွင်းဂိုးများအနက် ၅၁၉ ဂိုးမှာခြေစမ်းပွဲများတွင် သွင်းယူခဲ့၍ တရားဝင်ထည့်သွင်းတွက်ချက်ခြင်းမရှိရာ ၇၆၇ဂိုးဖြင့် ဂိုးသွင်းအများဆုံးဖြစ်နေကြောင်း သိရသည်။

စီရိုနယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ၁၆၄ပွဲကစားထားရာ ၉၉ ဂိုး သွင်းယူထားပြီး ကလပ်ပွဲပေါင်း ၈၅၂ပွဲကစားခဲ့ရာ ၆၃၈ ဂိုးထိသွင်းယူထားခြင်းဖြစ်သည်။ ထို့ကြောင့် စီရိုနယ်ဒိုသည် အမြဲတမ်းဂိုးသွင်း အများဆုံးကစားသမားစာရင်း၌ ၇၃၄ ဂိုး သွင်းယူထားသော ဘရာဇီးတိုက်စစ်မှူးဟောင်းရိုမာရီယိုကိုကျော်ဖြတ်၍ အဆင့်(၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

ဂျာမနီတိုက်စစ်မှူးဟောင်းဂတ်ဒ်မူလာမှာ ၇၂၀ ဂိုးဖြင့် အဆင့်(၄)တွင်ရပ်တည်ကာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ၇၁၇ဂိုးဖြင့် အဆင့်(၅)နေရာ၌ အစဉ်လိုက်ရှိနေသည်။ဆွီဒင်ဝါရင့်တိုက်စစ်မှူးဟောင်းဖြစ်ပြီး လက်ရှိ၌ အေစီမီလန်တွင်ကစားနေသော အီဗရာဟီမိုဗစ်မှာ ၅၄၅ဂိုးဖြင့် အဆင့်(၁၁)သို့ရောက်နေဟု သည်ဆန်းကဖော်ပြခဲ့သည်။

စီရိုနယ်ဒိုသည် ကစားသမားဘဝကို ၂၀၀၂ခုနှစ်က စပို့တင်းလစ္စဘွန်းနှင့် စတင်ခဲ့သူဖြစ်ပြီး ၂၀၀၂-၀၃ ရာသီတွင် စပို့တင်းအတွက် ၃၁ပွဲကစားခဲ့ရာ ၅ဂိုးသွင်းယူခဲ့သည်။ စီရိုနယ်ဒိုသည် မန်ယူကိုယ်စားပြု၍ ၁၁၈ဂိုး ရီးရဲလ်မက်ဒရစ်အတွက် ဂိုး ၄၅၀နှင့် ဂျူဗင်တပ်စ်ကစားသမားဘဝ ၆၅ ဂိုးထိ သွင်းယူထားကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး