အချိန်ပို ပင်နယ်တီဂိုးဖြင့် ကိုပင်ဟေဂင်ကို အနိုင်ရကာ ယူရိုပါလိဂ်ဆီမီးသို့ မန်ယူတက်လှမ်း ယခုနှစ် ဥရောပထိပ်တန်းလိဂ်ငါးခု၌ ပင်နယ်တီအများဆုံးရသည့်ကလပ်ဖြစ်နေ

အချိန်ပို ပင်နယ်တီဂိုးဖြင့် ကိုပင်ဟေဂင်ကို အနိုင်ရကာ ယူရိုပါလိဂ်ဆီမီးသို့ မန်ယူတက်လှမ်း ယခုနှစ် ဥရောပထိပ်တန်းလိဂ်ငါးခု၌ ပင်နယ်တီအများဆုံးရသည့်ကလပ်ဖြစ်နေ

မန်ယူသည် သြဂုတ် ၁ဝ ရက်က ဂျာမနီ တွင် ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် ကိုပင်ဟေဂင်နှင့်ယှဉ်ပြိုင်ခဲ့ရာ အချိန်ပို အထိခရီးဆက်ခဲ့ရပြီး ပေါ်တူဂီကွင်းလယ် လူ ဖာနန်ဒက်စ်၏ သွင်းဂိုးကြောင့်သာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရကာ ဆီမီးဖိုင်နယ် သို့တက်လှမ်းခဲ့ကြောင်း သိရသည်။

မန်ယူပွဲထွက်လူစာရင်းတွင် မာရှယ်၊ ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဂရင်းဝုဒ် နှင့် ဖရက်ဒ်တို့ပါဝင်ခဲ့သည်။ မန်ယူသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၆ ကြိမ်နှင့် ဂိုးပေါက်တည့်ကန်သွင်းမှု ၁၄ ကြိမ်ရခဲ့သော်လည်း ကိုပင်ဟေဂင်ဂိုးသမား ဂျွန်ဆင်မှာ ၁၃ ကြိမ်အထိ ကာကွယ်၍ လက်စွမ်းပြခဲ့သည်။

ပထမပိုင်းပြီးလုချိန်တွင် ဂရင်းဝုဒ်ဂိုး သွင်းခဲ့ရာ VAR စနစ်အရ ပယ်ဖျက်ခံရ၍ မန်ယူ နစ်နာခဲ့သည်။ မန်ယူသည် အချိန် ပိုတွင် ၉၅ မိနစ်အရောက် မာရှယ်ကြောင့် ပင်နယ်တီရခဲ့ရာ ဖာနန်ဒက်စ်က သွင်းယူ ခဲ့၍ အနိုင်ရခဲ့သည်။

မန်ယူသည် ယခုနှစ်ဘောလုံးရာသီတွင် ဥရောပထိပ်တန်းလိဂ်ငါးခု၌ ပင်နယ်တီ အများဆုံးရထားသည့် ကလပ်ဖြစ်နေပြီး ၂၁ ကြိမ်ရထားကြောင်း သိရသည်။ မန်ယူ သည် ပင်နယ်တီ ၂၁ ကြိမ်၌ ၁၇ ကြိမ် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ဖာနန်ဒက်စ်မှာ ခုနစ်ဂိုးသွင်းယူထားခဲ့သည်။ ဖာနန်ဒက်စ် သည် ၂ဝ၁၇-၁၈ ဘောလုံးရာသီအစမှစ၍ ယူရိုပါလိဂ်စွမ်းဆောင်ရည်အရ ၁၃ ဂိုးသွင်း ယူပြီး ဖန်တီးမှုရှစ်ကြိမ်ပြုလုပ်ထာသည်။

မန်ယူနည်းပြဆိုးလ်ရှားက အသင်း၏ ခြေစွမ်းတိုးတက်ရန်လိုအပ်ကြောင်း ပြော ကြားခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင် ခဲ့၍ ပျော်ရွှင်ဟုဆိုခဲ့သည်။ ဆိုးလ်ရှားက ''နောက်ထပ် ဆီမီးဖိုင်နယ်တက်ရောက် နိုင်ခဲ့တာကြောင့် ကျွန်တော် ပျော်ရွှင်မိပါ တယ်။ ဒီရာသီ ပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ အသင်း ဆီမီးရောက်ခဲ့ပါတယ်။ အခုချိန်က နောက်တစ်ဆင့်ကိုလှမ်းနိုင်ဖို့ မျှော်လင့်ရ တော့မှာပါ။ ဗိုလ်လုပွဲရောက်အောင် သွားမယ်။ ချန်ပီယံဖြစ်ဖို့မျှော်လင့်ပါတယ်။ ဆီမီး ဖိုင်နယ်မှာ ဝုလ်ဖြစ်ဖြစ် ဆီဗီလာဖြစ်ဖြစ် နှစ်သင်းစလုံးက အသင်းကောင်းတွေပါ'' ဟု ပြောကြားခဲ့သည်။

မန်ယူသည် နောက်ဆုံးလေးရာသီ အတွင်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်သို့ ဒုတိယ အကြိမ်မြောက် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မန်ယူသည် သြဂုတ် ၁၆ ရက်၌ ကိုလုံးမြို့ တွင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲ အကြိတ် အနယ်ကစားရမည်ဖြစ်သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး