ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၁၀ တွင် COVID-19 ကူးစက်သူသစ် ခြောက်ဦးရှိပြီး သေဆုံးသူသစ် နှစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်၌ COVID-19 ကူးစက်သူ ၈၄၇ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိနေပြီ ဖြစ်သည်။ ရှစ်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအပါအဝင် ကူးစက်သူသစ်အများစုသည် လွန်ခဲ့သောလတွင် ကူးစက်မှုပြန်လည်ခေါင်းထောင်လာသည့် နိုင်ငံအလယ်ပိုင်းရှိ ဒါနန်းမြို့နှင့် ဆက်စပ်မှုရှိနေသည်။ ဗီယက်နမ်၌ လူပေါင်း ၁၈၂၀၀၀ ကို သီးခြားထားရှိစောင့်ကြည့်မှုများ ပြုလုပ်နေပြီး ဆေးရုံ၌ ၅၁၃၉ ဦး၊ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် ၂၈၄၀၈ ဦး ထားရှိခဲ့ပြီး ကျန်လူများကို နေအိမ်တွင် သီးခြားထား စောင့်ကြည့်စေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကို ထိထိရောက်ရောက် ခြေရာခံခြင်း၊ ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် သီးခြားထားရှိစောင့်ကြည့်မှုများကို ပြုလုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ကနဦးတွင် ဗီယက်နမ်သည် ကူးစက်မှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ခဲ့သော်လည်း ဇူလိုင် ၂၅ ရက်နေ့တွင် ဒါနန်းမြို့မှ COVID-19 စတင်ပျံ့နှံ့ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ရေး အသည်းအသန်ကြိုးပမ်းခဲ့ရသည်။ နိုင်ငံတွင်း COVID-19 ကူးစက်မှုနှုန်း အလွန်မြင့်မားနိုင်ခြေရှိနေကြောင်း ဝန်ကြီးချုပ် ငုယင်ရွှန်ဖူက သတိပေးထားသည်။
"ရပ်ကွက်ကျေးရွာတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုအန္တရာယ်က အင်မတန်ကို မြင့်မားနေပါတယ်။ လာမယ့် နှစ်ပတ်အတွင်းမှာ ပိုပြီးတော့ တင်းကျပ်တဲ့အစီအမံတွေ ချမှတ်ဖို့ လိုအပ်ပါမယ်၊ နိုင်ငံရေးခေါင်းဆောင်ပိုင်းက ပြတ်ပြတ်သားသားနဲ့လုပ်ဆောင်ဖို့ လိုမှာပါ"ဟု ဝန်ကြီးချုပ် ငုယင်ရွှန်ဖူက ပြောဆိုခဲ့သည်။
လူဦးရေ ၁ ဒသမ ၁ သန်းရှိသော ဒါနန်းမြို့တွင် ကူးသန်းသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို တင်းကျပ်စွာချမှတ်ထားပြီး အကယ်၍ ဆေးရုံများတွင် လူနာများ ပြည့်သွားခြင်း သို့မဟုတ် သီးခြားထားရှိစောင့်ကြည့်ရမည့်လူနာများ တိုးပွားလာခြင်းတို့အတွက် အသုံးပြုရန် အားကစားကွင်းတစ်ခုကို ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲထား ပြီးဖြစ်သည်။

















