အစိုးရက ပြည်သူကို ရန်သူအဖြစ် မသတ်မှတ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို

အစိုးရက ပြည်သူကို ရန်သူအဖြစ် မသတ်မှတ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၌ သြဂုတ် ၁၀ ရက် အနှောင်းပိုင်းတွင် လူထောင်ပေါင်းများစွာစုဝေးပြီး ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကာ အစိုးရအနေဖြင့် ပြည်သူများကို ရန်သူအဖြစ်သတ်မှတ်ပြီး ခြိမ်းခြောက်နေမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

သက်တံရောင်အလံများ၊ တောင်းဆိုချက်များရေးသားထားသည့် ကတ်ပြားများနှင့် ပျောက်ဆုံးနေသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများသည် ဘန်ကောက်မြို့စွန်ရှိ သမ်မားဆက်တက္ကသိုလ်နားတွင် စုဝေးဆန္ဒထုတ်ဖော်ခဲ့သည်။

ကျောင်းသားများဦးဆောင်သော ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဦးဆောင်သော အစိုးရကို နေ့စဉ်နီးပါး ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီးဖြစ်သည်။ ဇူလိုင် ၁၈ ရက်တွင် ဆန္ဒပြမှုဖြင့် လှုပ်ရှားသူနှစ်ဦး လွန်ခဲ့သောရုံးပိတ်ရက်များတွင် အဖမ်းခံခဲ့ရပြီး ယင်းနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

သြဂုတ် ၁၀ ရက် ဆန္ဒပြမှုတွင် ကွဲပြားသော လိင်စိတ်ရှိသူများအသိုင်းအဝိုင်းဝင်များ၊ အထက်တန်းကျောင်းသားများနှင့် ဒီမိုကရေစီအရေး လိုလားသော သက်ကြီးအရွယ်အိုများပါဝင်ခဲ့သည်။ "ကျွန်တော်တို့ လူကြီးတွေက ကျောင်းသားတွေကို အားပေးရမယ်၊ ကျွန်တော်တို့သားတွေ၊ သမီးတွေ၊ တူတွေ၊ တူမတွေအတွက် တိုက်ပွဲဝင်ရမယ်" ဟု အသက် ၇၀ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကပြောဆိုခဲ့သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရကို ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချအာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ယမန်နှစ် ရွေးကောက်ပွဲတွင် စစ်တပ်နှင့်ပတ်သက်မှုရှိသော ပါတီများအနိုင်ရရှိမှုအကျိုးဆက်အဖြစ် ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရသော ပရာယွတ်ကို ဆန္ဒပြသူများက အဓိကထားဝေဖန်ပြောဆိုခဲ့သည်။

သြဂုတ် ၁၀ ရက်ဆန္ဒပြမှုတွင် လူ ၄၀၀၀ ခန့်ပါဝင်ခဲ့ကြောင်း အေအက်ဖ်ပီ၏ရေတွက်မှုများအရသိရသည်။ လူငယ်များနှင့် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်။ သို့သော် စစ်ဦးစီးချုပ် အပီရတ် ခွန်ဆွမ်ပွန်းကမူ ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် ကုသ၍မရသည့် နိုင်ငံကိုအမုန်းစိတ်ဝင်နေသူများသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။