ဖိလစ်ပိုင်သမ္မတရိုဒီရီဂို ဒူတာတေးသည် COVID-19 ကာကွယ်ဆေးရရှိရန် ရုရှားနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ချီးကျူးပြောဆိုခဲ့ပြီး ရုရှားလုပ် COVID-19 ကာကွယ်ဆေးအပေါ် ယုံကြည်မှုကြီးကြီးမားမားရှိကာ ကာကွယ်ဆေးစမ်းသပ်မှုများတွင် ဖိလစ်ပိုင်က ပါဝင်ရန် ဆန္ဒရှိနေကြောင်း ပြောဆိုခဲ့သည်။
ရုရှားသည် အလားအလာရှိသော COVID-19 ကာကွယ်ဆေးတစ်မျိုးကို ယခုလအတွင်း တရားဝင်မှတ်ပုံတင်ရန် မျှော်လင့်နေပြီး ဖိလစ်ပိုင်သို့ ဖြန့်ချိသို့မဟုတ် ဖိလစ်ပိုင်ရှိ ဒေသခံကုမ္ပဏီတစ်ခုခုနှင့်ပူးပေါင်းပြီး အမြောက်အများထုတ်လုပ်ရန် ပြင်ဆင်ထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ၌ COVID-19 ကူးစက်သူအများဆုံးရှိနေပြီး သြဂုတ် ၁၀ ရက်တွင် ကူးစက်သူ ၆၉၅၈ ဦးဖြင့် တစ်ရက်အတွင်း စံချိန်တင်ရှိခဲ့ပြီးနောက် ကူးစက်သူ ၁၃၆၆၃၈ ဦးအထိ ရှိလာခဲ့သည်။
"ရုရှားရဲ့COVID-19 တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ လေ့လာမှုအပေါ်မှာ ကျွန်တော်အများကြီး ယုံကြည်ထားတယ်ဆိုတာ သမ္မတပူတင်ကို ပြောပါမယ်၊ နောက် ပြီး ခင်ဗျားတို့ ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးဟာလည်း လူ့အဖွဲ့အစည်းအတွက် တကယ့်ကို ကောင်းမွန် သင့်တော်မယ်လို့ ကျွန်တော်ယုံကြည်တယ်လို့ ပြောချက်ပါတယ်" ဟု ဒူတာတေးက သြဂုတ် ၁၀ နှောင်းပိုင်းတွင် ရုပ်သံမှတစ်ဆင့် ပြောဆိုခဲ့သည်။ COVID-19 ကာကွယ်ဆေးကို အချိန်တိုတွင်း ထုတ်လုပ်နိုင်သောကြောင့် ဆေးသည် အများပြည်သူအတွက် အန္တရာယ်ကင်းမကင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်။
အများပြည်သူစိုးရိမ်မှုမရှိစေရန်အတွက် ကာကွယ်ဆေးရောက်ရှိလာပါက ၎င်းသည် ပထမဆုံးအစမ်းသပ်ခံဖြစ်လာမည်ဖြစ်ကြောင်း ဒူတာတေးကပြောဆိုခဲ့သည်။
ကာကွယ်ဆေးစမ်းသပ်မှု၊ ဖြန့်ချိမှုနှင့် ထုတ်လုပ်မှုများနှင့်ပတ်သက်၍ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ဖိလစ်ပိုင်သမ္မတရုံးက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

















