ဟောင်ကောင်ရှိ ဒီမိုကရေစီအရေးလိုလားသော Apple Daily ပရိသတ်သည်းခြေကြိုက်သတင်းစာ၏ ပိုင်ရှင် ဂျင်မီ လိုင် လုံခြုံရေးဥပဒေသစ် ချိုးဖောက်မှုဖြင့် သြဂုတ် ၁၀ ရက်တွင် အဖမ်းခံခဲ့ရပြီးနောက် လက်ထိပ်ခတ်ခံထားရသော လိုင်၏ပုံနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည့် စာကို သြဂုတ် ၁၁ ရက်ထုတ် သတင်းစာ၏မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
ဟောင်ကောင်၌ သြဂုတ် ၁၁ ရက်နေ့ထုတ် စာစောင်ကို ဝယ်ယူရန်အတွက် တန်းစီနေသည့် စာဖတ်သူလူတန်းရှည်ကြီးကို မြင်တွေ့ရမည်ဖြစ်သည်။ သတင်းစာမျက်နှာဖုံးတွင် Apple Daily သည် ဆက်လက်တိုက်ပွဲဝင်မည် ဆိုသည့်စာကို ဖော်ပြခဲ့သည်။ ယခင်က တစ်ရက်လျှင် စောင်ရေ ၁၀၀၀၀၀ နှုန်းသာရောင်းချခဲ့ရသော်လည်း သြဂုတ် ၁၁ ရက်နေ့ စာစောင်သည် စောင်ရေ ၅၀၀၀၀၀ ရောင်းချခဲ့ရသည်။
မွန်ကော့ရှိ လက်လုပ်လက်စားများသောရပ်ကွက်တွင် နံနက် ၂ နာရီကတည်းက ဝယ်ယူရန်စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး ရှိနေခဲ့သည်။ နံနက်ပိုင်း ရုံးတက်ချိန်တွင် သတင်းစာစောင်ရေအားလုံး တက်တက်ပြောင်သွားပြီဖြစ်ကြောင်း အရောင်းကိုယ်စားလှယ်များက ပြောဆိုခဲ့သည်။
" ရဲတပ်ဖွဲ့ရဲ့ မနေ့က လုပ်ရပ်က သတင်းစာလွတ်လပ်ခွင့်ကို ရက်ရက်စက်စက်ဝင်ရောက်စွက်ဖက်တာပါပဲ" ဟု အသက် ၄၅ နှစ်အရွယ် ကင် ယောက်ကပြောဆိုခဲ့သည်။ လိပ်ပြာလုံသည့် ဟောင်ကောင်သားအားလုံးသည် Apple Daily ကိုအားပေးထောက်ခံရမည်ဖြစ်ကြောင်း ယောက်က ပြောဆိုခဲ့သည်။
Apple Daily ကိုပုံနှိပ်ထုတ်ဝေနေသည့် Next Digital ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ သြဂုတ် ၁၀ ရက်တွင် မြင့်တက်ခဲ့ပြီး ဒီမိုကရေစီအရေးဆွေးနွေးသည့် အွန်လိုင်းဖိုရမ်များက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အားပေးထောက်ခံကြောင်း ပြသသည့်အနေဖြင့် ရှယ်ယာများကို ဝယ်ယူကြရန် တိုက်တွန်းခဲ့သည်။
ဟောင်ကောင်တွင် မွေးဖွားသည့် လိုင်သည် အသက် ၁၂ နှစ်အရွယ်တွင် ငွေတစ်ပြားတစ်ချပ်မျှမပါဘဲ ဟောင်ကောင်သို့ ငါးဖမ်းလှေတစ်စင်းဖြင့်ရောက်ရှိခဲ့သည်။ လိုင်သည် ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့သူဖြစ်ကာ ဟောင်ကောင်၌ နာမည်အကျော်ကြားဆုံး ဒီမိုကရေစီအရေးလှုပ်ရှားသူများလည်းဖြစ်သည်။
တရုတ်အစိုးရက ဇွန် ၃၀ ရက်တွင် ဟောင်ကောင်၌ သက်ရောက်စေခဲ့သည့် လုံခြံုရေးဥပဒေအရ ပြည်မကြီးမှ ခွဲထွက်ရန် ကြိုးပမ်းမှု၊ ပုန်ကန်မှု၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းမှုတို့ကို ထောင်ဒဏ်တစ်သက်အထိ ချမှတ်မည်ဖြစ်သည်။
လိုင်သည် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကပြောဆိုခဲ့သည်။ တရုတ်အစိုးရကမူ လိုင်ကို သစ္စာဖောက်ဟု ခေါ်ဆိုခဲ့သည်။

















