မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် ငွေကျပ်သိန်း ၆၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ပါဝင်သူများ ကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ် ၁၂ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ် အနီးမြို့ရှောင်လမ်းဘေးရှိ ရာဘာခြံအနီးတွင် မော်တော်ယာဉ် ၂ စီးနှင့်အတူတွေ့ရှိသူ ပင်လောင်းမြို့နယ်၊ ထိတလိကျေးရွာနေ ဒေါ်မဖြူ ၅၀ နှစ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၁)ရပ်ကွက်နေ ဦးစိုးမြင့် ၅၄ နှစ်တို့မောင်းနှင်သည့် ယာဉ်ကိုစစ်ဆေး ရှာဖွေခဲ့သည်။
ယာဉ်ပေါ်ရှိ ကြက်သွန်အိတ်များအတွင်း ရောနှောသိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၉၀,၀၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၆၄,၅၀၀ နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သည်။ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ် ဆေးပြားများကို သယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၉ ရပ်ကွက်နေ ဇေယျာထွန်း ၄၃ နှစ်နှင့် ၊ ၃၃ ရပ်ကွက်နေ ရဲထွဋ်ဦး(ခ)ဝမ်ချူး(ခ)ဂျွန်ဝိုင်း ၂၈ နှစ်တို့ကို ၄င်းတို့နေအိမ်များမှ အသီးသီး ဖမ်းဆီးခဲ့ရမိခဲ့သည်။<
၎င်းတို့ကို သိမ်ဇရပ်နယ်မြေရဲစခန်းက မယ ၁၁ /၂၀၂၀မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉(က)/၂၁ အရ အမှုဖွင့်အရေး ယူထားသည်။

















