မန်ယူကို အနိုင်ယူနိုင်မည်ဟုယုံကြည်ကြောင်း ဆီဗီလာနည်းပြဆို

မန်ယူကို အနိုင်ယူနိုင်မည်ဟုယုံကြည်ကြောင်း ဆီဗီလာနည်းပြဆို

ဆီဗီလာအသင်းနည်းပြ လိုပက် တီဂူက ၎င်းတို့အနေဖြင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ကောင်း မန်ယူကို အနိုင်ယူနိုင်မည်ဟုယုံကြည် ကြောင်း ဝုလ်ဗာဟမ်တန်နှင့်ပွဲအပြီး ကြုံးဝါးပြောဆိုခဲ့သည်။

ယူရိုပါလိဂ် အအောင်မြင်ဆုံး ကလပ် ဆီဗီလာသည် သြဂုတ် ၁၁ ရက်က ကွာတားဖိုင်နယ်ပွဲအဖြစ် ဝုလ် ဗာဟမ်တန်နှင့်ကစားခဲ့ရာ ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းရရှိအောင် ကစားနိုင်ခဲ့သည်။ ဝုလ်ဗာဟမ်တန်သည် ပွဲချိန် ၁၃ မိနစ်တွင် ပင်နယ်တီရရှိ ခဲ့သော်လည်း ဂျီမီနက်ဇ်၏ကန်သွင်း မှုကို ဆီဗီလာဂိုးသမား ပုတ်ထုတ်ကာ ကွယ်နိုင်ခဲ့သည်။

အကြိတ်အနယ်ကစား ရင်း ဆီဗီလာမှာ ပွဲချိန် ၈၈ မိနစ်၌ တစ်လုံးတည်းသောအနိုင်ဂိုးရရှိခဲ့ပြီး အိုကန်ပေါ့စ်က ခေါင်းတိုက်သွင်းယူ ပေးခဲ့သည်။ ဆီဗီလာသည် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် မန်ယူနှင့်ထိပ်တိုက် ဆုံနေပြီး လာမည့်သြဂုတ် ၁၆ ရက် တွင်ကစားရမည်ဖြစ်သည်။

ဆီဗီလာသည် ယူရိုပါလိဂ်ဖလား ကို ၂ဝဝ၆၊ ၂ဝဝ၇၊ ၂ဝ၁၄၊ ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်တွင် ပိုင်ဆိုင်ခဲ့ပြီး မန်ယူသည် နည်းပြမော်ရင်ဟိုလက်ထက် ၂ဝ၁၇ ခုနှစ်က ယူရိုပါလိဂ်ရရှိ ခဲ့သည်။ ထို့ကြောင့် ချန်ပီယံဟောင်း နှစ်သင်း၏ဆီမီးဖိုင်နယ်ပွဲမှာ အကြိတ်အနယ်ရှိနေသည်။

နည်းပြလိုပက်တီဂူက ''ကျွန်တော် တို့ လာမယ့်ပွဲမှာ မန်ချက်စတာယူနိုက် တက်နဲ့ ကစားရတော့မှာပါ။ သူတို့ဟာ ကမ္ဘာပေါ်က အင်အားကြီးအသင်း လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့က မန်ယူနဲ့ကစားဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ အမြဲတမ်းကြိုးစားကစားနေသလိုမျိုး အကောင်းဆုံးခြေစွမ်းကို ထုတ်ပြမှာပါ။ မန်ယူနဲ့ပွဲက အမှန်တကယ်ခက်ခဲမှာ ပါ။ သေချာတာကတော့ ကျွန်တော်တို့ မန်ယူကိုနိုင်မယ်လို့ ယုံကြည်ထားပါ တယ်''ဟု မန်ယူအသင်းအား သတိပေး စကားဆိုခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး