ဘိုကလေးမြို့နယ်တွင် ရေနစ်သေဆုံးသူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကိုစစ်ဆေးရာက မုဒိမ်းကျင့်လူသတ်အလောင်းဖျောက်မှုပေါ်ပေါက်ခဲ့ပြီး ကျူးလွန်သူကိုဖမ်းဆီးထားကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံမှသိရသည်။
သြဂုတ် ၁၀ ရက်ညနေ ၅ နာရီအချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ကြိမ်ချောင်းကြီးရွာ တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးပျောက်ဆုံးမှုဖြစ်ပွားကြောင်းတိုင်တန်းချက်အရ စခန်းမှူးရဲအုပ်ဌေးဇော် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာရှိ ကျေးရွာသူ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ လိုက်လံရှာဖွေခဲ့ရာ ည ၈ နာရီ အချိန်တွင်မြစ်အတွင်းခွဲထွက်သည့် ဘင်္ဂလားချောင်းဖျား ချောင်းလက်တက်အဖျားစပ် တွင်လှေတစ်စီး မှောက်နေသည်ကိုတွေ့ရသောကြောင့် အဆိုပါလှေအနီးသို့ပိုက်စိပ်တိုက်ရှာဖွေရာ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်၏ အလောင်းကို ပြင်ပဒဏ်ရာမရှိဘဲ တွေ့ရှိသဖြင့် ကြိမ်ချောင်းတိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့သည်။
သြဂုတ် ၁၁ ရက်နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်သေဆုံးခဲ့သည်မှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၃/၂၀၂၀)အရ အမှုဖွင့် စစ်ဆေးခဲ့သည်။
တိုက်နယ်ဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးရာသေဆုံးသူအမျိုးသမီးငယ်၏ မိန်းမင်္ဂါအတွင်း၌ လတ်တ လောထိုးသွင်းဒဏ်ရာတွေ့ရှိကြောင်း နှင့် သေဆုံးရသည့်အကြောင်းအရင်းမှာ အဆုတ်တွင် ရေတွေ့ ရှိသဖြင့်ရေမွန်းသေဆုံးခြင်းဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
ဆေးစာပြန်ကြားချက်အရ သေဆုံးသူကို သားမယားပြုကျင့်ခံရပြီးနောက် ရေနစ်မွန်းသေဆုံးရခြင်း ဖြစ်ကြောင်း သိရသဖြင့် မူလဖွင့်လှစ်ထားသည့် သေမှုသေခင်း မှ ကြိမ်ချောင်းကြီးနယ်မြေရဲစခန်း (ပ) ၄၉/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
စုံစမ်းချက်များအရ အခင်းဖြစ်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု၊ကျေးရွာနေရဲမင်းဦးကဦးကျော်ဇင်ထိုက်ပိုင်အလျား (၁၅ ) ပေ ၊ အနံ (၃ ) ပေခန့်ရှိသစ်သားလက်ခတ်လှေတစ်စီးကို ယူ၍ လှော်ခတ်သွားပြီး သေဆုံးသူ အမျိုသမီးငယ် လိုက်ပါသွားကာ ဘင်္ဂလားချောင်းဖျားသို့လှော်ခတ်သွားသည်ကို ကျေးရွာမှ လူများ တွေ့မြင်ခဲ့ကြောင်းသိရှိခဲ့သည်။
ထို့ကြောင့် မသင်္ကာသူ ရဲမင်းဦး(၂၇)နှစ် ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ လယ်အတွင်း မျိုးနှုတ်ပြီး နေအိမ်သို့ ပြန်ရန်၎င်း၏ တူမဖြစ်သူကို လှေဖြင့်တင်၍ ချောင်းတစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးရန် ပြောဆို ခေါ်ဆောင်သွားခဲ့ကြောင်း၊ ချောင်းတစ်ဖက်ကမ်းသို့ ရောက်ရှိခြင်းမရှိဘဲ. ဘင်္ဂလားချောင်းဖျား တစ်နေရာအရောက် လှေကို ကမ်းစပ်သို့ထိုး ကပ်ပြီး လှေပေါ်တွင် သားမယား အဖြစ်အဓမ္မပြုကျင့်ခဲ့ကြောင်း ၊ထိုသို့ပြုကျင့်စဉ် တိုင်ကြားမည်ဟု ပြောသောကြောင့် ရေထဲသို့ဆွဲချကာ ဦးခေါင်းကို လက်ဖြင့်ဖိ၍ ရေနစ်သတ်ခဲ့ကာ လှေကို ရေထဲသို့ မြှုပ်ခဲ့ကြောင်း၊ နေအိမ်သို့ ပြန်အိပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ခံရကြောင်း ထွက်ဆိုခဲ့သည်။

















