မူဆယ်မြို့တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၄ ဦးနှင့် ယာဉ်မောင်း  ၃ ဦးကို ဖမ်းမိ

မူဆယ်မြို့တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၄ ဦးနှင့် ယာဉ်မောင်း  ၃ ဦးကို ဖမ်းမိ

မူဆယ်မြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၄ ဦးနှင့် ယာဉ်မောင်း ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ နေလည် ၂ နာရီခွဲခန့် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၁၀၅ မိုင်နယ်စပ်ဂိတ် အနီး မုံးကိုး-လားရှိုးသွားကားလမ်းအနီး နမ့်တောင်းဘက်မှ မူဆယ်ဘက်သို့ မူဆယ်မြို့နယ်နေ ဦးရန်ကျားထုံ မောင်းနှင်လာသည့် တိုယိုတာအမျိုးအစား မော်တော်ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့ကစစ်ဆေးခဲ့သည်။

အဆိုပါ ယာဉ်ပေါ်တွင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးကို တွေ့ရှိသဖြင့် စစ်မေးရာ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်းသိရသဖြင့် မူဆယ်မြို့ရဲစခန်းသို့လွှဲပြောင်းကာ လူဝန်မှုကြီးကြပ်ရေးဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

အလားတူ သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်ခန့်တွင် မူဆယ်မြို့ ၁၀၅ မိုင် ဂိတ် အနီး လားရှိုး မူဆယ်ပြည်‌ထောင်စုကားလမ်းမကြီးပေါ်၌ မူဆယ်မြို့မှ ကွတ်ခိုင်မြို့ဘက်သို့ ယာဉ်မောင်း ဦးယာန်ချုံးလု နှင့် ဦးကြည်ချစ် မောင်းနှင်လာသည့် X-Trail အမျိုးအစား အနီရောင် မော်တော် ယာဉ်နှင့် Landcruiser အမျိုးအစား အဖြူရောင် မော်တော်ယာဉ် နှစ်စီးကို ရပ်တန့်စစ်ဆေးစဉ် အဆိုပါယာဉ်နှစ်စီးပေါ်၌ တရားမဝင်ခေါ်ဆောင်လာသည့် တရုတ် နိုင်ငံသား ကျား ၉ ဦး၊ မ ၁ ဦးတို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး လည်းတို့ကိုလည်း အမှုဖွင့် အရေးယူထားကြောင်းသိရသည်။