ထိုင်းဝန်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုမှု ထိုင်းဘုရင် ကြီးမှူးကျင်းပ

ထိုင်းဝန်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုမှု ထိုင်းဘုရင် ကြီးမှူးကျင်းပ

ထိုင်းဘုရင် မဟာ ဝဇီရလောင်ကွန်းသည် သြဂုတ် ၁၂ ရက်တွင် ပြုလုပ်သော ဝန်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုမှုကို ကြီးကြပ်ပြီး ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းရေးရှိစေလိုကြောင်း မြွက်ကြားခဲ့သည်။

သြဇာကြီးမားသော ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲရန် တိုက်တွန်းသည့်အနေဖြင့် မကြာသေးမီတွင် ပြုလုပ်သော ကျောင်းသားများ၏ဆန္ဒပြမှုကိုမူ ထိုင်းဘုရင် ဝဇီရလောင်ကွန်းသည် တစ်စုံတရာညွှန်းဆိုခြင်းမပြုခဲ့ချေ။

နိုင်ငံတော်၏အကြီးအကဲဖြစ်သော ဘုရင်သည် ဝန်ကြီးအဖွဲ့ဝင်သစ်များအတွက် ဆုမွန်ကောင်းတောင်းခဲ့ပြီး ကျမ်းသစ္စာနှင့်အညီ တာဝန်များကို ကျန်းကျန်းမာမာ၊ ပညာဉာဏ်အပြည့်ဖြင့် ဆထက်ထမ်းပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုခဲ့သည်။

ထို့ပြင် ပြည်သူများ ပျော်ရွှင်ပြီး ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းရေးအတွက်လည်း မဟာဝဇီရလောင်ကွန်းက ဆုတောင်းပေးခဲ့သည်။ ထိုင်းတော်ဝင်မိသားစုဝင်များကို စော်ကားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမည်ဖြစ်သည့် တော်ဝင်မိသားစုဆိုင်ရာဥပဒေအား ဆန့်ကျင်နေသည့် ကျောင်းသားများနှင့်ပတ်သက်၍မူ ၎င်းက တစ်စုံတရာပြောဆိုခြင်းမပြုခဲ့ချေ။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန်အတွက် ၁၀ ချက်ပါဝင်သော တေင်းဆိုမှုကို ကျောင်းသားများက ထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒပြကျောင်းသားများ အဆင့်ကျော်သွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သြဂုတ် ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

ဆန္ဒပြခေါင်းဆောင်နှစ်ဦး နိုင်ငံတော်သစ္စာဖောက်မှု၊ COVID-19 ဆိုင်ရာစည်းမျဉ်းချိုးဖောက်ပြီး လူစုလူဝေးပြုမှုဖြင့် အဖမ်းခံရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယခုအချိန်အထိ မည်သည့်ကျောင်းသားမျှ တော်ဝင်မိသားစုဆိုင်ရာဥပဒေဖြင့် အဖမ်းခံရခြင်းမရှိသေးချေ။