ဘရာဇီးမှ တရုတ်သို့ တင်ပို့သော အေးခဲကြက်တောင်ပံထုပ်၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ 

ဘရာဇီးမှ တရုတ်သို့ တင်ပို့သော အေးခဲကြက်တောင်ပံထုပ်၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ 

ဘရာဇီးနိုင်ငံမှ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ကျန်းမြို့သို့ တင်ပို့သော အေးခဲကြက်တောင်ပံထုပ်တစ်ထုပ်တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်း ရှန်ကျန်းမြို့အာဏာပိုင်များက သြဂုတ် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

ရှန်ကျန်းကျန်းမာရေးအာဏာပိုင်များသည် ဗိုင်းရပ်စ်ပါဝင်သည့် အထုပ်နှင့် ထိတွေ့ခဲ့သူများကို အချိန်မဆိုင်းဘဲ ခြေရာခံခြင်းနှင့် ဓာတ်ခွဲနမူနာ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး တစ်ဦးတစ်ယောက်မျှ ကူးစက်ခံထားရခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။

အီကွေဒေါမှ တင်ပို့သည့် အအေးခံပုစွန်များကို ထုပ်ပိုးထားသည့် ပစ္စည်းများ၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း တရုတ်အစိုးရက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဇူလိုင်ကတည်းက ရှားမန်းမြို့ ဒါလီယန်မြို့အပါအဝင် တရုတ်နိုင်ငံရှိ အခြားသော မြို့များစွာတို့တွင်လည်း ဗိုင်းရပ်စ်ရှိနေသည့် ပစ္စည်းတချို့ကို တွေ့ရှိခဲ့သောကြောင့် အီကွေဒေါရှိ ပုစွန် ပို့ကုန်လုပ်ငန်းသုံးခုထံမှ ဝယ်ယူမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။

ယမန်နှစ်အကုန်ပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ပင်လယ်စာနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်း ရောင်းချသည့် စျေးတစ်ခုမှ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ကြောင်း ယူဆထားကြသည်။

ဇွန်လတွင် COVID-19 ကူးစက်မှု ပြန်လည်ခေါင်းထောင်လာခဲ့ပြီးနောက် တရုတ်အစိုးရသည် အဓိကဆိပ်ကမ်းများရှိ အသားနှင့် ပင်လယ်စာကုန်သေတ္တာကြီးများကို အထူးကြပ်မတ်စောင့်ကြည့်စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ၌ မကြာသေးမီတွင် ရှိခဲ့သည့် COVID-19 အစုလိုက်အပြုံလိုက် ကူးစက်မှုသည်ပေကျင်းရှိ ရှင်ဖာဒီသားငါး လက်လီစျေးနှင့် လည်း ဆက်စပ်မှုရှိခဲ့ပြီး ကူးစက်ခံရသူအများစုမှ ဝင်ငွေနည်း ရွှေ့ပြောင်းလုပ်သားများ နှင့် အနီးဝန်းကျင်ရှိ စားသောက်ဆိုင်များမှ ဝန်ထမ်းများဖြစ်ကြသည်။