အမျိုးသားလုံခြုံရေးဥပဒေသစ်ဖြင့် အဖမ်းခံရပြီးနောက် အများပြည်သူက အင်နှင့်အားနှင့် အားပေးထောက်ခံခဲ့မှုကို ရရှိခဲ့သည့်အတွက် အလွန်အမင်းဝမ်းမြောက်မိသော်လည်း ဟောင်ကောင်သားများအနေဖြင့် ဒီမိုကရေစီအရေးအတွက် စိတ်ရှည်လက်ရှည်ဖြင့် ကာလရှည်တိုက်ပွဲဝင်ရန် တိုက်တွန်းလိုကြောင်း ပြန်လည်လွတ်မြောက်လာသည့် မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင်က သြဂုတ် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။
လိုင်သည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းသည်ဟုသံသယရှိသဖြင့် သြဂုတ် ၁၀ ရက်တွင် အဖမ်းခံခဲ့ရပြီး ၎င်းပိုင်ဆိုင်သည့် Apple Daily သတင်းစာရုံးခန်းများ ဝင်ရောက်စီးနင်းခံခဲ့ရသည်။ လိုင်သည် သြဂုတ် ၁၂ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၎င်းကိုထောက်ခံသူများက အဆုံးထိတိုက်ပွဲဝင်မယ် ဟုကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။
လိုင်က ထောက်ခံသူများကို ကျေးဇူးတင်ကြောင်းပြောဆိုပြီး ရဲတပ်ဖွဲ့ဝင်များ၏စီးနင်းမှုက ဟောင်ကောင်သားများ၏ယုံကြည်မှုကို ချိုးဖောက်နေကြောင်း ပြသနေသည်ဟု ပြောဆိုခဲ့သည်။ "ဟောင်ကောင်မှာ လွတ်လပ်ခွင့်ဆိုင်တဲ့ အောက်ဆီဂျင်က ရှားပါးလာပြီ၊ အားလုံး အသက်ရှူကျပ်နေကြပြီ၊ ဒါပေမဲ့ အသက်ရှူကျပ်နေရင်းပဲ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ရမှာပါပဲ၊ တရားဥပဒေစိုးမိုးမှုနဲ့ လွတ်လပ်မှုအတွက် ဆက်လက်တိုက်ပွဲဝင်နေရမှာပါပဲ"ဟု လိုင်က တွစ်တာမှတစ်ဆင့်ပြောဆိုခဲ့သည်။
တရုတ်အစိုးရက သစ္စာဖောက်အဖြစ် သတ်မှတ်ခံထားရသည့် လိုင်သည် ဇွန် ၃၀ ရက်တွင် တရုတ်အစိုးရက ဟောင်ကောင်၌ သက်ရောက်စေခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေသစ်ဖြင့် အဖမ်းခံရသူများတွင် နာမည်အကြီးဆုံးဖြစ်သည်။ ဟောင်ကောင်ရှိ ဒီမိုကရေစီလှုပ်ရှားမှုသည် အများပြည်သူ၏ထောက်ခံမှုကိုရရှိနေသည်။
"ဒီမိုကရေစီအရေးလိုလားသူများသည် ကာလရှည်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း လိုင်ကပြောဆိုခဲ့သည်။ ကျွန်တော်တို့ အစွန်းရောက်လို့မရဘူး၊ ကျွန်တော်တို့က ကြက်ဥလိုပဲ၊ သူတို့က တံတိုင်းအမြင့်ကြီးလေ၊ ကြက်ဥနဲ့ တံတိုင်းကိုပေါက်ရင် ကြက်ဥပဲကွဲမယ်၊ ဒါကြောင့် သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်လို့မရဘူး၊ စိတ်ရှည်ရမယ်၊ တီထွင်ဖန်တီးမှုရှိရမယ်၊ စိတ်ရှည်ဇွဲသန်ရမယ်"ဟု လိုင်ကပြောဆိုခဲ့သည်။

















