သုံးလကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့ပြီးနောက် ပြန်လည်ခေါင်းထောင်လာသော COVID-19 ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် လာမည့် ၁၀ ရက်သည် အဓိကကျလိမ့်မည်ဖြစ်ကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ရွှန်ဖူက သြဂုတ် ၁၂ တွင် ပြောဆိုခဲ့သည်။
ထိရောက်သော စစ်ဆေးမှုများပြုလုပ်ခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများကို ခြေရာခံ ခြင်း၊ သီးခြားထားရှိစောင့်ကြည့်မှုများကို လုပ်ဆောင်မှုမှတစ်ဆင့် အစောပိုင်းကူးစက်မှု များကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ချီးမွမ်းခံခဲ့ရသော ဗီယက်နမ်သည် အပန်းဖြေမြို့ ဒါနန်းနှင့်ဆက်စပ်၍ နေရာများစွာတို့၌ ကူးစက်မှုများရှိလာခဲ့သဖြင့် ထိန်းချုပ်နိုင်ရေးကို အပြင်းအထန်ကြိုးပမ်းနေရသည်။ ဒါနန်းမြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကာ COVID-19 စတင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
"ဒီသီတင်းပတ်ကနေစပြီး လာမယ့် လာမယ့်သီတင်းပတ် အလယ်လောက်အထိဟာ အဓိကကျနေတယ်လို့ မှတ်ထားလိုက်ပါ။ ဗိုင်းရပ်စ်ကို အနိုင်ရဖို့အတွက် ဘယ်လိုအစီ အမံမျိုးတွေ ဆက်ပြီး ကျွန်တော်တို့ ဆောင်ရွက်သင့်ပါသလဲ။ အခုလက်ရှိ ကူးစက်မှု ကနေပြီး ဘယ်လို သင်ခန်းစာမျိုးတွေ ကျွန်တော်တို့ ယူသင့်ပါသလဲ၊ ဒီလိုမေးခွန်းတွေထုတ်ပြီး အင်တိုက်အားတိုက်လုပ်ဆောင်ရပါမယ် " ဟု ငုယင်ရွှန်ဖူက ပြောသည်။
ဗီယက်နမ်၌ သြဂုတ် ၁၂ တွင် COVID-19 ကူးစက်သူသစ် ၁၇ ဦး ရှိခဲ့သောကြောင့် ကူးစက်သူ ၈၈၀ အထိရှိလာခဲ့ကာ သေဆုံးသူ ၁၇ ဦး ရှိနေပြီဖြစ်သည်။ သေဆုံးသူအားလုံးသည် ကူးစက်မှုပြန်လည်စတင်ခဲ့ပြီးနောက်မှ သေဆုံးသူများ ဖြစ်သည်။
မြို့တော်ဟနွိုင်းတွင် ကူးစက်မှုသစ်တစ်ခုရှိခဲ့ပြီး ဒါနန်းမြို့နှင့် ဆက်စပ်မှု ရှိမရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဒါနန်းရှိ အားကစားရုံကို ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ်ပြောင်းလဲထားပြီး သြဂုတ် ၁၂ တွင် ပထမဆုံး COVID-19 လူနာများကို စတင်လက်ခံခဲ့သည်။ ယင်းလူနာများထဲမှ အများစုမှာ ဒါနန်းမြို့ပေါ်ရှိ ဆေးရုံ ၃ ခုမှ လူနာများ ဖြစ်သည်။

















