ပဲခူးမြို့တွင် ဖုန်းအရောင်းဆိုင်သို့ ဖုန်း ၃ လုံးလာရောက်ရောင်းချသူ နှစ်ဦးကို စစ်ဆေးရာက လက်ကိုင်ဖုန်း ၂၃ လုံးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း သြဂုတ် ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ် ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်ရှိ ဖုန်းဆိုင်တွင် ဖုန်းလာ ရောက်ရောင်းချသူ နှစ်ဦးကို လှည့်ကင်းဆောင်ရွက်နေသည့် ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့သည်။
ထိုသို့ထိန်းသိမ်းစဉ် ၎င်းတို့ထံမှ Redmi အမျိုးအစား ဖုန်း ၃ လုံးကိုတွေ့ရှိပြီး ၎င်းတို့နှစ်ဦးကို စစ်ဆေးချက်အရ ရက်၂၀ ခန့်က အခြားအမျိုးသားတစ်ဦးနှင့်အတူ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ နေအိမ်ဖုန်းဆိုင်တစ်ခုအတွင်းမှ ဖုန်းများကိုခိုးယူကာ မဇင်းရပ်ကွက်၊ ကျိုက်ပေါအပိုင်းရှိ နေအိမ်မြေကြီး ထဲတွင်တွင်းတူး၍ မြှုပ်နှံထားပြီးအဆိုပါ အထုတ် ထဲမှထုတ်ယူလာခဲ့သည့် ဖုန်းများဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့သည်။
ထပ်မံစစ်ဆေးချက်အရ Iphone, Samsung, Redmi, Huawei, Vivo, Oppo, MI, Honour အမျိုးအစား ဖုန်း/တပ်ပလတ် အလုံး (၂၀) စုစုပေါင်း ၂၃ လုံးကို သိမ်းဆည်းရမိခဲ့ပြီးအဆိုပါ ဖုန်းများကို ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ မဇင်းတိုးချဲ့(၁) ရပ်ကွက်၊ ဘုရင့် နောင်(၃)လမ်းနေဖုန်းရောင်းဝယ်ရေးလုပ်ကိုင်သူဦးဟိန်းမင်းကို၏နေအိမ်အတွင်းမှ ဝင်ရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ ဆက်လက် အရေး ယူထားကြောင်းသိရသည်။

















