သထုံမြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၄ သောင်းနီးပါးတန်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ် ၁၃ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုရှိ TWO Lake ဆိုင်ဝင်းအတွင်းသို့ မော်တော်ကားဖြင့် ရောက်ရှိလာသော စိုင်းကျော်နိုင်(ခ) ကျော်ကျော် ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်ဇော်ထိုက်ပါဝင်သည့် ပူးပေါင်း တပ်ဖွဲ့မှဝင်များက မူးယစ်သတင်းအရ စစ်ဆေးရှာဖွေခဲ့သည်။
၄င်းစီးနင်းလာသည့် မော်တော်ယာဉ်အတွင်း ခရီးဆောင်အိတ် ၃ လုံးဖြင့် ထည့်ထားသည့် ICE တစ်ကီလိုဂရမ်ပါအထုပ် ၂၂ထုပ် အလေးချိန် ၂၂ ကီလိုဂရမ် တန်ဖိုးငွေကျပ် ၁၁၀၀၀ သိန်းခန့်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၅၆၅၅၀၀ ပြား တန်ဖိုးငွေကျပ် ၂၈၂၇၅ သိန်းခန့် စုစုပေါင်းတန်ဖိုးငွေသိန်း ၃၉၂၇၅ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး သုဓမ္မဝတီမြို့ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ဖမ်းဆီးကာ ကွင်းဆက်အားဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရသည်။

















