ပြုံယမ်း သြဂုတ် ၁၄ − တောင်ကိုရီးယားနိုင်ငံသို့ တိမ်းရှောင်ခဲ့ပြီး လွန်ခဲ့သောလတွင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ ကေဆောင်မြို့သို့ ပြန်လာခဲ့ကာ COVID-19 ဆိုင်ရာလက္ခဏာများပြနေသည့် အမျိုးသားတစ်ဦးကို တွေ့ရှိပြီးနောက် ကေဆောင်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ရက်သတ္တပတ်သုံးပတ်ကြာချမှတ်ထားသည့် လူဝင်လူထွက်ပိတ်ပင်ချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
COVID-19 တားဆီးရေး အစိုးရ၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ ဆွေးနွေးပွဲတွင် ကင်က အထက်ပါအတိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုတုံ့ပြန်ရေးတို့နှင့်ပတ်သက်၍လည်း ကင်နှင့် ပေါ်လစ်ဗြူရိုအဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြောင်း KCNA သတင်းဌာနကဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် နိုင်ငံတွင်း COVID-19 အတည်ပြုလူနာမရှိသေးကြောင်း ထုတ်ပြန်ထားသော်လည်း လွန်ခဲ့သောလတွင်မူ ကင်သည် နိုင်ငံတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်နိုင်ခြေရှိနေသဖြင့် ကေဆောင်နှင့် ပတ်ဝန်းကျင်ဒေသတချို့တွင် လူဝင်လူထွက်ပိတ်ပင်ခဲ့သည်။ အဆိုပါအမျိုးသားသည် COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း နောက်ပိုင်းရလဒ်များအရသိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြခဲ့သည်။
COVID-19 ကြိုတင်တားဆီးရေးဆောင်ရွက်ချက်များကြောင့် အဆိုပါဒေသ၌ ကူးစက်မှုအန္တရာယ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကင်က ပြောဆိုခဲ့သည်။ နိုင်ငံတွင်း ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ပေးထားသော်လည်း နယ်စပ်ထိန်းချုပ်မှုများ ဆက်လက်တင်းကျပ်ထားဦးမည်ဖြစ်ကာ ရေဘေးသင့်ဒေသများအနေဖြင့် ပြည်ပအကူအညီများကို လက်ခံခြင်းမပြုရန် ကင်က ညွှန်ကြားထားသည်။
ကမ္ဘာတစ်ဝန်း မိစ္ဆာဗိုင်းရပ်စ် ပျံ့နှံ့မှုက အခြေအနေအတော်ဆိုးလာတာမို့ ရေဘေးအကူအညီအတွက် ပြင်ပအကူအညီကို လက်ခံဖို့မဖြစ်နိုင်သေးပါဘူး၊ နယ်စပ်တွေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားဦးမှာဖြစ်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်မှာဖြစ်ပါတယ် ဟု ကင်က ပြောဆိုခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၌ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံခဲ့သဖြင့် နေအိမ်အလုံး ၁၆၆၈၀ ခန့်နှင့် အိမ်ရာ ၆၃၀ ခန့် အရေဘေးဒဏ်ခံခဲ့ရသည်။ အေပီ

















