ဆိုးလ် သြဂုတ် ၁၄ - ဆရာဝန်သစ်များ မွေးထုတ်ရန် အစိုးရ၏ စီစဉ်မှုကို တစ်ရက်တာ သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံရှိ ဆေးရုံဆေးခန်းလေးပုံတစ်ပုံကို ပိတ်သိမ်းကာ ဆရာဝန်များ သပိတ်မှောက်ခဲ့ကြသည်။
အစိုးရသည် လာမည့် ၁၀ နှစ်တာ ကာလအတွင်း ဆေးကျောင်းသားဦးရေကို ၄၀၀၀ အထိ တိုးမြှင့်လက်ခံရန် စီစဉ်ထားသည်။ COVID-19 ကဲ့သို့ ကပ်ရောဂါမျိုးကြုံချိန်တွင် ပြည်သူ့ကျန်းမာရေးအကျပ်အတည်းအတွက် မရှိမဖြစ်လိုအပ်သော ပြင်ဆင်မှုဖြစ်ကြောင်း အစိုးရက အကြောင်းပြခဲ့သည်။ သို့သော် သပိတ်မှောက်မှုကို စီစဉ်ခဲ့သည့် ကိုရီးယားဆရာဝန်များအသင်း (KMA) က နိုင်ငံတွင်း ဆရာဝန်ဦးရေအလုံအလောက်ရှိနေနှင့်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုယ်ပိုင်ဆေးခန်းများအပါအဝင် တောင်ကိုရီးယား၏ စုစုပေါင်း ဆေးကုသရေးဌာန ၃၃၈၃၆ ခုအနက် ၈၃၆၅ ခုသည် သြဂုတ် ၁၄ တွင် သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ထားသည့် ပမာဏထက်ပိုမိုများပြားနိုင်ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ကင်ဂန်လစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ဆရာဝန်များနှင့် အလုပ်သင်ဆရာများသည် သြဂုတ် ၁၄ ရက်တွင် လွှတ်တော်အပြင်ဘက်၌ စုဝေးဆန္ဒထုတ်ဖော်ခဲ့သည်။
လူ ၁၀၀၀ လျှင်ရှိရမည့် ဆရာဝန်ဦးရေကို လွန်ခဲ့သော ၁၀ နှစ်အတွင်း တစ်နှစ်လျှင် ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့ကာ ယင်းသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့(OECD) နိုင်ငံများရှိ သတ်မှတ်ထားသော ဆရာဝန်ဦးရေထက် ခြောက်ဆပိုရှိနေကြောင်း KMA က ထုတ်ပြန်ခဲ့သည်။ ဆန္ဒပြမှုပြုလုပ်ခဲ့သော သြဂုတ် ၁၄ ရက်တွင် တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၁၀၃ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၈၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကာ မတ်လ ၃၁ ရက်မှ စ၍ ပြည်တွင်းကူးစက်သူဦးရေ အများဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ဘုရားကျောင်းများနှင့် သရေစာဆိုင်များမှတစ်ဆင့် အစုလိုက်အပြုံလိုက်ကူးစက်ခဲ့ခြင်းဖြစ်ပြီး ကူးစက်သူသစ်များကြောင့် တောင်ကိုရီးယားရှိ COVID-19 ကူးစက်သူဦးရေသည် ၁၄၈၇၃ ဦးရှိနေပြီဖြစ်သည်။ သြဂုတ် ၁၃ ရက် သန်းခေါင်အချိန်အထိ တောင်ကိုရီးယား၌ COVID-19 ဖြင့်သေဆုံးသူ ၃၀၅ ဦးရှိနေပြီဖြစ်သည်။

















