ဒီမိုကရေစီအရေးဆန္ဒပြမှုများကို နိုင်ငံသားအများစု လက်မခံကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို

ဒီမိုကရေစီအရေးဆန္ဒပြမှုများကို နိုင်ငံသားအများစု လက်မခံကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို

ဘန်ကောက် သြဂုတ် ၁၄ - ဒီမိုကရေစီအရေးဆန္ဒပြသူများကို ထိုင်းနိုင်ငံသားအများစုက လက်မခံကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သြဂုတ် ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

ပရာယွတ် ချန်အိုချာ ဦးဆောင်သော အစိုးရ နုတ်ထွက်ပေးပြီး ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ ဥပဒေသစ်ရေးဆွဲပေးရန် ကျောင်းသားများခေါင်းဆောင်၍ ဆန္ဒထုတ်ဖော်တောင်းဆိုနေသည်မှာ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သြဂုတ် ၁၀ ရက်တွင်လည်း ဆန္ဒပြသူများသည် ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့် အချက်များကို ထုတ်ဖော်ပြောပြီး ထိုင်းနိုင်ငံ၌ ဘုရင်စနစ်နှင့်ပတ်သက်၍ ဆွေးနွေးခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲများသို့ လူထောင်ပေါင်းများစွာတက်ရောက်ခဲ့သော်လည်း ပရာယွတ်ကမူ နိုင်ငံသားအများစုသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို လက်မခံကြောင်း သတင်းထောက်များကိုပြောဆိုခဲ့သည်။ ဆန္ဒပြသူများကြောင့် ကမောက်ကမအခြေအနေများမဖြစ်ပါစေနှင့်ဟု မျှော်လင့်ပါကြောင်း ပရာယွတ်က ဝန်ကြီးအဖွဲ့အစည်းအဝေးပြီးနောက် ပြောဆိုခဲ့သည်။

ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိသည့် အလွန်အမင်းကြွယ်ဝသော တော်ဝင်မိသားစုသည် ထိုင်းနိုင်ငံ၌ သြဇာအကြီးဆုံးဖြစ်ပြီး စစ်တပ်နှင့် အထက်တန်းလွှာ ဘီလျံနာလူတန်းစားက ထောက်ခံထားသည်။ အစိုးရက အတည်ပြုထားသည့် တော်ဝင်မိသားစုအပေါ် အသေရေဖျက်မှုတားဆီးရေးဥပဒေအရ ဘုရင် မဟာဝဇီရလောင်ကွန်းအပေါ် ဝေဖန်ပြောခွင့်မရှိချေ။ ထိုင်းတော်ဝင်မိသားစုအပေါ် မကောင်းပြောဆိုပါက ပြစ်မှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်စီကျခံရမည်ဖြစ်သည်။

အဆိုပါဥပဒေကို ဖျက်သိမ်းပေးရန် ဒီမိုကရေစီအရေးလှုပ်ရှားသူများက တောင်းဆိုခဲ့သည်။ သြဂုတ် ၁၀ ရက်တွင် သမ်မားဆတ်တက္ကသိုလ်၌ ဆန္ဒထုတ်ဖော်ပြီးနောက် နိုင်ငံတွင်းရှိ ကထိက ၁၄၀ ကျော်သည် ဆန္ဒပြမှုများကိုထောက်ခံကြောင်း ကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၃ ရက်တွင် တော်ဝင်မိသားစုကိုထောက်ခံသူတစ်စုသည် သမ်မားဆတ်တက္ကသိုလ်ဝင်းနားတွင် စုဝေးပြီး ဘုရင်စနစ်ကိုစော်ကားသူများအား အပြစ်ပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။ အေပီ