ယခုနှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် မန်ယူနှင့် အင်တာ မီလန်တို့ တွေ့ဆုံခဲ့ပါက ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက အသင်းဟောင်းအား လက်စားချေမည်ကို စိုးရိမ်မိကြောင်း မန်ယူတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဘာဘာတော့ဗ်က ပြောဆိုခဲ့သည်။
မန်ယူသည် ဆီဗီလာအားအနိုင်ရပြီး အင်တာမီ လန်က ရှက်တာဒိုးနက်စ်ကိုအနိုင်ရခဲ့ပါက သြဂုတ် ၂၁ ရက်၌ ဗိုလ်လုပွဲအဖြစ်ကစားရမည်ဖြစ်သည်။
လက်ရှိ တွင် ဆီမီးဖိုင်နယ်ပွဲများမကစားမီ ဘာဘာတော့ဗ်က ၄င်း၏အမြင်အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာ ဘာတော့ဗ်က ''ကျွန်တော့်အတွက်တော့ လူကာကူကို စိုးရွံ့မိတယ်။ သူဟာ ဒီရာသီစီးရီးအေမှာ အင်တာ မီလန်အတွက် ၂၃ ဂိုးအထိသွင်းယူထားတာက စွမ်း ဆောင်ရည်ကောင်းဖြစ်ပါတယ်။ ကစားသမားတစ် ယောက်အနေနဲ့ သူ့ကိုနှစ်သက်တယ်လို့ ကျွန်တော် အမြဲပြောဖူးပါတယ်။ သူဟာ အခွင့်အရေးရတာနဲ့ ဂိုးသွင်းမယ့်သူပါ။ မြန်တယ်၊ သန်မာတယ်၊ လေဗာ ကူဆင်နဲ့ပွဲမှာဆိုရင် သူ့ဂိုးက တကယ်ကောင်းတယ်။ အင်တာမီလန်မှာ လူကာကူအပြင် ဆန်းချက်ဇ်နဲ့ အက်ရှ် လေယန်းလည်းရှိတယ်။ သူတို့က မန်ယူအကြောင်းကို ကောင်းကောင်းသိတယ်။ တကယ်လို့များ ဗိုလ်လုပွဲမှာ ဆုံဖြစ်ရင် ဒီကစားသမားတွေက လက်စားချေချင်လိမ့် မယ်။ မန်ယူက သူတို့ကိုလက်လွှတ်တာ မှားယွင်းတယ် ဆိုတာကို သက်သေပြချင်နေမှာပါ''ဟု ဆိုခဲ့သည်။

















