ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁၅.၆၅ ဘီလီယံတန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်၁၆ ရက်နေ့က မူးယစ် ရဲတပ်ဖွဲ့မှ သိရသည်။သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် တာချီလိတ်မြို့နယ်၊ မယ်လိတ်ပါကော်-ဝှေလေလန် ကျေးရွာချင်းဆက်လမ်းတွင် ဖတ်ဟိကျေးရွာဘက်မှ ၀မ်ဆောက်ခုံ ကျေးရွာဘက်သို့ တာချီလိတ်မြို့နယ်၊ ၀မ်မုံကျေးရွာနေ စိုင်းကျောက် ၂၄ နှစ် စီးနင်းမောင်း နှင်လာသည့်မော်တော်ဆိုင်ကယ်ကို မူးယစ်ရဲတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေး ခဲ့သည်။
ထိုသို့စစ်ဆေးနေစဉ် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ စိုင်းနော်ခမ်း ၂၃ နှစ်မောင်းနှင်လာသည့် မော်တော်ယာဉ်မှာရောက်ရှိလာသဖြင့် အဆိုပါယာဉ်ကိုဆက်လက်ရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ သံဘူး၊ ပလတ်စတစ်အိတ်တို့ဖြင့် ထည့်ထားသည့် ICE မူးယစ်ဆေးဝါးအလေးချိန် ၂၁၀ ကီလိုအား သိမ်းဆည်းနေစဉ် ALPHARD အမျိုးအစားမော်တော် ယာဉ်မှာထပ်မံရောက်ရှိလာသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံတားဆီးရာ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင် အဆိုပါမော်တော်ယာဉ်အား ၀မ်ဆောက်ခုံကျေးရွာအ၀င်လမ်းတွင် ယာဉ်မောင်းကိုမတွေ့ရှိဘဲ ရပ်တန့် ထားသည်ကိုတွေ့ရှိရပြီး အနီးရှိလျှိုအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ICE မူးယစ်ဆေးဝါးအလေးချိန် ၇၈ ကီလိုကို ဆက်လက်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါအနီးအနား ဆက်လက်ရှာဖွေရာ ညနေ ၅ နာရီ အချိန်တွင် အဆိုပါကျေးရွာ အနီးရှိရာဘာတောအတွင်း ရပ်တန့်ထားသည့် CHEVROLET အမျိုးအစား မော်တော်ယာဉ်မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ICE မူးယစ်ဆေးဝါးအလေးချိန် ၃၃၈ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိခဲ့သည့် စုစုပေါင်း ICE မူးယစ်ဆေးဝါးအလေးချိန် ၆၂၆ ကီလို တန်ဖိုး ၁၅.၆၅ ဘီလီယံကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။၀မ်ပုံနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး ကွင်းဆက်ဖော်ထုတ်မှု ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

















