ကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ငွေကျပ် ၁၁.၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ဩဂုတ် ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ တူယား ကျေးရွာအုပ်စုအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ပူးပေါင်းအဖွဲ့ဝင်များသည် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင် လာသော Hilux Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့သည်။ထိုသို့ရပ်တန်ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ကိုရပ်၍ လမ်းဘေးလျှို အတွင်းသို့ ထွက်ပြေးသွားသဖြင့် အဆိုပါမော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ICE အလေးချိန် ၃၁၄ ကီလို တန်ဖိုး ကျပ်သိန်းပေါင်း ၇၈,၅၀၀ နှင့် ဘိန်းဖြူဘလောက်တုံးအလေးချိန် ၁၄၆.၉၆ ကီလို တန်ဖိုးကျပ်သိန်းပေါင်း; ၃၆,၇၄၀ ၊ စုစုပေါင်းမူးယစ်ဆေးဝါး တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၁၅,၂၄၀ ဖိုးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။အဆိုပါ မူးယစ်ဆေးဝါးများကို မိုင်းနောင်နယ်မြေ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ကာ ထွက်ပြေးတိမ်း ရှောင်သူကိုဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။