ဟောင်ကောင်အကြီးအကဲ ဂုဏ်ထူးဆောင်ပညာရှင်အဆင့်အတန်းကို ကိမ်းဘရစ်တက္ကသိုလ်သို့ ပြန်အပ်

ဟောင်ကောင်အကြီးအကဲ ဂုဏ်ထူးဆောင်ပညာရှင်အဆင့်အတန်းကို ကိမ်းဘရစ်တက္ကသိုလ်သို့ ပြန်အပ်

ဟောင်ကောင်ရှိ ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့် ဖိနှိပ်ခံရခြင်းရှိမရှိ စုံစမ်းမှုများရှိနေသဖြင့် ကိမ်းဘရစ်တက္ကသိုလ်ရှိ ကောလိပ်တစ်ခုမှ ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ပညာရှင်အဆင့်အတန်းကို ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီ လမ်က သြဂုတ် ၁၅ ရက်တွင် ပြောဆိုခဲ့သည်။

ဟောင်ကောင်ရှိ ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်ကို စုံစမ်းနေသည့် ဝုဖ်ဆန်ကောလိပ်နှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လမ်က ပြောဆိုခဲ့သည်။

အချက်အလက်များအပေါ် အခြေမခံဘဲ ယုံတမ်းစကားများကိုလက်ခံပြီး လူတစ်ဦးကို ကောလိပ်က နာမည်ဖျက်နေသဖြင့် အလွန်အမင်းစိတ်ပျက်မိကြောင်း လမ်ကပြောဆိုခဲ့သည်။

"ဒါကြောင့် ဝုဖ်ဆန်ကောလိပ်နဲ့ ဆက်ဆံရေးဆက်လက်ထားရှိဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု လမ်က ဖေ့စ်ဘွတ်ခ်၌ သြဂုတ် ၁၅ ရက်တွင် ရေးသားခဲ့ပြီး သစ်ပင်များဖြင့် စိမ်းစိုနေသည့် ကိမ်းဘရစ်တက္ကသိုလ်တွင် ရိုက်ကူးခဲ့သည့် ၎င်း၏ဓာတ်ပုံတစ်ပုံကိုပါ လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ဟောင်ကောင်အကြီးအကဲ လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတို့အပေါ် အကာအကွယ်ပေးမှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ဝုဖ်ဆန်ကောလိပ်က မကြာသေးမီတွင် ထုတ်ပြန်ခဲ့သည်။

ကောလိပ်အုပ်ချုပ်ရေးအဖွဲ့သည် လမ်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ပညာရှင်အဆင့်အတန်းကို ရုပ်သိမ်းသင့်မသင့်ကို လာမည့်လတွင် ဆုံးဖြတ်ရန်ရှိနေသော်လည်း လမ်က ပြန်လည်ပေးအပ်ခဲ့သောကြောင့် ဆွေးနွေးရန် လိုအပ်တော့မည်မဟုတ်ချေ။

တရုတ်အစိုးရက ခန့်အပ်ထားသည့် လမ်သည် အမေရိကန်ပြည်ထောင်စု၏အရေးယူပိတ်ဆို့မှုချမှတ်ခံရသည့် တရုတ်နှင့် ဟောင်ကောင်အစိုးရအရာရှိများတွင် ပါဝင်နေသည်။ ဟောင်ကောင်ရှိ တက္ကသိုလ်များသည် အာရှတွင် ထိပ်ဆုံးကပါဝင်နေသော်လည်း ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် ပညာရှင်အချို့ မကြာသေးမီတွင် အလုပ်အကိုင်နေရာဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့၏ရပ်တည်ချက်ကို ဝုလ်ဆန်ကောလိပ်သို့ ယမန်နှစ်နှင့် လွန်ခဲ့သောအပတ်တို့တွင် စာရေးသားရှင်းလင်းပြောဆိုခဲ့ပြီးဖြစ်ကြောင်း ကိမ်းဘရစ်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သည့် လမ်က ပြောဆိုခဲ့သည်။