အိုင်အက်စ်အဖွဲ့နှင့် ပတ်သက်မှုရှိသော အဘူဆေယက်ဖ်အဖွဲ့၏အဓိကခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် လက်စားချေတိုက်ခိုက်မှုများရှိလာသဖြင့် သြဂုတ် ၁၅ ရက်မှစ၍ ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များကို တပ်လှန့်ထားရကြောင်း ဖိလစ်ပိုင်အစိုးရကပြောဆိုခဲ့သည်။
နိုင်ငံခြားသားများကို ပြန်ပေးဆွဲ၊ ငွေတောင်းခြင်း၊ ခေါင်းဖြတ်သတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည့် အဘူဆေယက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော အက်ဘ်ဒူဂျီဟတ် ဆူဆူကန်ကို နိုင်ငံတောင်ပိုင်း ဒါဗောင်မြို့၌ ဖမ်းဆီးခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် မြို့တော် မနီလာသို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကာ အမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်တွင် ထိန်းသိမ်းထားခဲ့သည်။
ဆူဆူကန်သည် လူသတ်မှု ၂၃ မှု၊ ပြန်ပေးဆွဲမှု ငါးမှု၊ သတ်ဖြတ်ရန် ကြိုးပမ်းမှု ခြောက်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဘူဆေယက်သည် စစ်သွေးကြွကွန်ရက်တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင်း သွေးမြေကျမှုအများဆုံး အကြမ်းဖက်မှုများကိုသာမက နိုင်ငံခြားခရီးသွားများ၊ ခရစ်ယာန်သာသနာပြုများကို ပြန်ပေးဆွဲသတ်ဖြတ်မှုများကိုလည်း ကျူးလွန်ခဲ့သည်။
လက်စားချေတိုက်ခိုက်မှုများကို တားဆီး၊ တုံ့ပြန်ရန်အတွက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့သည် အသင့်ပြင်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဘားနတ် ဘဲနက်ကပြောဆိုခဲ့သည်။ မနီလာနှင့် ကနေဒါတို့က ပြန်ပေးငွေပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဧပြီတွင် ကနေဒါနိုင်ငံသားခရီးသွားများဖြစ်သည့် ရောဘတ်ဟောနှင့် ဂျွန်ရစ်ဒယ်တို့ကို ခေါင်းဖြတ်အဆုံးစီရင်ရာတွင် ဆူဆူကန် နောက်ကွယ်ကပါဝင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်ကပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှ ပြန်ပေးဆွဲခံခဲ့ရသည့် မလေးရှားဓားစာခံ ဘားနတ် သန်းကို ၂၀၁၅ ခုနှစ်တွင် ခေါင်းဖြတ်ရာတွင်လည်း ဆူဆူကန်ပါဝင်ခဲ့ကြောင်း စစ်တပ်၏ပြောခွင့်ရှိသူ ဗိုလ်ချုပ် အက်ဂတ် အရဲဗာလိုကပြောဆိုခဲ့သည်။
ဆူဆူကန်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း ပြတ်ခဲ့သည့် လက်အတွက် လက်အတုတပ်ဆင်ရန် ဒါဗောင်မြို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
၂၀၁၃ ခုနှစ်တွင် နိုင်ငံတောင်ပိုင်း ဇမ်ဘိုယံဂါမြို့ကို စစ်သွေးကြွများ သိမ်းပိုက်မှုကျူးလွန်ခဲ့သည့်အတွက် ရုံးတင်စစ်ဆေးမှုခံယူနေသော မွတ်စလင်သူပုန်ခေါင်းဆောင် နူ မီဆူယာရီ၏နေအိမ်၌ ဆူဆူကန်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။တရားစွဲဆိုခံထားရသော်လည်း မီဆူယာရီကို အစိုးရက နေအိမ်မှာပင် ဆက်လက်နေထိုင်ခွင့်ပေးထားသည်။

















