COVID-19 ကူးစက်မှုရှိခဲ့သည့် ဘုရားကျောင်း၏အကြီးအကဲက စုံစမ်းစစ်ဆေးမှုများကို အနှောင့်အယှက်ပေးနေကြောင်း တောင်ကိုရီးယားအစိုးရ စွပ်စွဲ

COVID-19 ကူးစက်မှုရှိခဲ့သည့် ဘုရားကျောင်း၏အကြီးအကဲက စုံစမ်းစစ်ဆေးမှုများကို အနှောင့်အယှက်ပေးနေကြောင်း တောင်ကိုရီးယားအစိုးရ စွပ်စွဲ

တောင်ကိုရီးယား၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်စေခဲ့သည့် ဘုရားကျောင်းတစ်ကျောင်း၏အကြီးအကဲသည် သီးခြားနေထိုင်ရမည်ဆိုသည့် စည်းမျဉ်းကိုချိုးဖောက်ပြီး အစုလိုက်အပြုံလိုက်ကူးစက်မှုအတွက် စုံစမ်းစစ်ဆေးမှုများကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း တောင်ကိုရီးယားအစိုးရအရာရှိများက သြဂုတ် ၁၆ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ သြဂုတ် ၁၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၇၉ ဦးရှိခဲ့ပြီး သြဂုတ် ၁၅ ရက်တွင် ရှိခဲ့သည့် ၁၀၃ ဦးမှ မြင့်တက်ခဲ့ခြင်းဖြစ်ကာ အများစုသည် ဆိုးလ်မြို့ဝန်းကျင်မှဖြစ်သည်။

မြို့တော်၌ သြဂုတ် ၁၆ ရက်တွင် ကူးစက်သူသစ် ၁၄၆ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၁၀၇ ဦးသည် ဘုန်းတော်ကြီး ဂျန် ကွန်ဟွန်းဦးဆောင်သော ဆာရန်းဂျေးဘုရားကျောင်းနှင့် ပတ်သက်မှုရှိနေသည်။

ဘုန်းတော်ကြီး ဂျန်သည် အငြင်းပွားစရာကောင်းသော တရားဟောဆရာဖြစ်ပြီး အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်နေသူလည်းဖြစ်သည်။

ဂျန်သည် သြဂုတ် ၁၅ ရက်တွင် လူထုတွေ့ဆုံပွဲတစ်ခုကို တက်ရောက်ခဲ့သောကြောင့် သီးခြားနေထိုင်ရမည်ဆိုသည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။ထို့ပြင် COVID-19 ရှိမရှိစစ်ဆေးရန်နှင့် ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ခြေရာခံရန်အတွက် ဘုရားကျောင်းအဖွဲ့ဝင်စာရင်းကို ဂျန်က တိကျစွာတင်ပြရန် ပျက်ကွက်ခဲ့သောကြောင့် ရောဂါခြေရာခံမှုစုံစမ်းစစ်ဆေးမှုများကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် အမှုဖွင့်တိုင်ကြားမှုမှတ်တမ်းတွင်ဖော်ပြထားသည်။

သြဂုတ် ၁၅ ရက်တွင် မြို့တော် ဆိုးလ်၌ လူထောင်ပေါင်းများစွာသည် လူစုလူဝေးမပြုရပိတ်ပင်ချက်ကို ချိုးဖောက်ပြီး သမ္မတမွန်းဂျေအင်၏မူဝါဒများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

သြဂုတ် ၁၆ ရက်တွင် ကူးစက်သူဦးရေမြင့်တက်လာသောကြောင့် အစိုးရသည် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ခဲ့ရပြီး သမ္မတမွန်းကလည်း ဘုရားကျောင်းများ၏ အပြုအမူသည် အများပြည်သူအတွက် အသက်အန္တရာယ်ရှိသဖြင့် ခွင့်မလွှတ်နိုင်သည့် အပြုအမူဖြစ်သောကြောင့် ဘုရားကျောင်းအချို့အပေါ် တင်းတင်းမာမာပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ ဖေဖော်ဝါရီတွင် COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုရှိခဲ့ရာ ယင်းသည် ရှင်ချွန်ဂျီဘုရားကျောင်းနှင့် ဆက်စပ်နေသည်။ တောင်ကိုရီးယားရှိ ကူးစက်သူ ၃၆ ရာခိုင်နှုန်းသည် ဘုရားကျောင်းအဖွဲ့ဝင်များဖြစ်ကြသည်။တောင်ကိုရီးယားအာဏာပိုင်များသည် ဘုရားကျောင်းတည်ထောင်သူ လီမန်ဟီးကို သြဂုတ် ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။