ပြင်သစ်နိုင်ငံ၌ သြဂုတ် ၁၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၃၁၀ ရှိခဲ့ပြီး ယင်းသည် လေးရက်ဆက်တိုက် COVID-19 ကူးစက်သူသစ် နေ့စဉ် ၂၀၀၀ ကျော်ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ၌ COVID-19 ကူးစက်သူစုစုပေါင်း ၂၁၅၅၂၁ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သြဂုတ် ၁၅ ရက်တွင်ရှိခဲ့သည့် ကူးစက်သူသစ်များအနက် ၂၅၂ ဦးသည် အစုလိုက်အပြုံလိုက်ကူးစက်သူများဖြစ်ကြသည်။
ပြင်သစ်နိုင်ငံ၌ သြဂုတ် ၁၅ ရက်အထိ ခုနစ်ရက်တာအတွင်း တစ်ရက်လျှင် ကူးစက်သူသစ် ၂၀၀၀ ကျော်နှင့် ၂၀၀၀ နီးပါးရှိခဲ့သည်။ ကူးစက်သူသစ်ဦးရေတိုးလာသောကြောင့် ဗြိတိန်သည် ပြင်သစ်မှရောက်ရှိသူများအနေဖြင့် ၁၄ ရက် သီးခြားထားရှိစောင့်ကြည့်ခံရမည်ဖြစ်ကြောင်း စည်းမျဉ်းထုတ်ခဲ့ရသည်။
မြို့တော် ပါရီ၌ ကူးစက်သူသစ်တိုးလာသောကြောင့် အာဏာပိုင်များသည် မြို့တော်၌ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမတပ်မနေရစည်းမျဉ်းထုတ်ခဲ့ပြီး ပါရီရှိ ကူးစက်မှုနှုန်းမြင့်မားသော အနီရောင်ဇုန်ကို ချဲ့ထွင်ခဲ့ရသည်။
အလုံပိတ်အလုပ်ခွင်များမှတစ်ဆင့် ကူးစက်မှုနှုန်းမြင့်တက်လာသောကြောင့် အလုပ်ခွင်များတွင်လည်း နှာခေါင်းစည်းမဖြစ်မနေတပ်ရန် ဆရာဝန်များကလည်း တောင်းဆိုနေကြပြီဖြစ်သည်။
အလုံပိတ်အတွင်းပိုင်း မည်သည့်နေရာတွင်မဆို နှာခေါင်းစည်းတပ်ရန် အကြံပြုလိုကြောင်း ကျန်းမာရေးမူဝါဒနှင့်ပတ်သက်၍ အစိုးရအား အကြံပေးနေသည့် HCSP အဖွဲ့က ပြောဆိုခဲ့သည်။
ဈေးဆိုင်များတွင် နှာခေါင်းစည်းတပ်ရန် အစိုးရက လွန်ခဲ့သောလတွင် စည်းမျဉ်းထုတ်ခဲ့ပြီးဖြစ်သည်။ ပြင်သစ်၌ COVID-19 ဖြင့်သေဆုံးသူ ၃၀၄၀၉ ဦးရှိနေပြီဖြစ်သည်။

















