အီတလီ၌ COVID-19 ကူးစက်မှုအတွင်း စွန့်ပစ်အမှိုက်ပမာဏလျော့ကျ

အီတလီ၌ COVID-19 ကူးစက်မှုအတွင်း စွန့်ပစ်အမှိုက်ပမာဏလျော့ကျ

အီတလီနိုင်ငံ၌ COVID-19 ကူးစက်မှုကြောင့် ကူးသန်းသွားလာမှုကန့်သတ်ထားစဉ်အတွင်း စွန့်ပစ်အမှိုက်ပမာဏ ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အီတလီစည်ပင်သာယာဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် တစ်ခါသုံးနှာခေါင်းစည်းနှင့် ထုပ်ပိုးပစ္စည်းများစွန့်ပစ်မှုပိုမိုများပြားလာသဖြင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုအဖွဲ့များက ပြောဆိုခဲ့သည်။

အီတလီ၌ ကူးသန်းသွားလာမှုကန့်သတ်ထားသည့် မတ်နှင့် ဧပြီတို့တွင် မြို့ပြရှိ စွန့်ပစ်အမှိုက်ပမာဏ တန် ၅၀၀၀၀၀ အထိ လျော့ကျသွားခဲ့ကြောင်း အီတလီသုတေသနပညာရှင်များက ခန့်မှန်းထားသည်။

သို့သော် ယခုနှစ်အတွင်း တစ်ခါသုံးနှာခေါင်းစည်းနှင့် လက်အိတ် စွန့်ပစ်အမှိုက်ပမာဏ တန် ၃၀၀၀၀၀ ထိရှိလာနိုင်ကြောင်း အီတလီသဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် သုတေသနအင်စတီကျု၏လေ့လာမှုအရသိရသည်။

ကူးစက်ရောဂါကြောင့် တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုလျှော့ချရေးလုပ်ဆောင်မှုများ ထိခိုက်ခဲ့ရကြောင်း ကုလသမဂ္ဂ၊ သဘာဝပတ်ဝန်းကျင်အဖွဲ့ ဂရင်းပိစ်နှင့် အီတလီရှိ မာရဲဗီဗိုသဘာဝပတ်ဝန်းကျင်အဖွဲတို့က ပြောဆိုခဲ့သည်။

ပတ်ဝန်းကျင်တွင် တစ်ခါသုံးနှာခေါင်းစည်းကဲ့သို့ ပစ္စည်းများကို မည်မျှစွန့်ပစ်ထားသည်ကိုမသိရသော်လည်း ယင်းပစ္စည်းသည် ပင်လယ်ထဲသို့ အနှေးအမြန်ရောက်ရှိသွားမည်မှာ သေချာလှကြောင်း ဂရင်းပိစ်၏အီတလီအဖွဲ့ခွဲမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုတိုက်ဖျက်ရေးဌာနအကြီးအကဲ ဂူဆက်ပဲ အန်ဂဲရီဆေကပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂ၏ညွှန်ကြားမှုများနှင့်အညီ ပလတ်စတစ်အိတ်ကဲ့သို့ ထုတ်ကုန်များအပေါ် မှီခိုမှုလျှော့ချခဲ့ပြီးနောက် COVID-19 ကြောင့် အီတလီတွင် တစ်ခါသုံးပလတ်စတစ်အသုံးပြုမှု ပြန်လည်မြင့်တက်ခဲ့သည်။

အွန်လိုင်းဈေးဝယ်မှုနှင့် ဆက်စပ်သော ထုပ်ပိုးကုန်ပစ္စည်းများကြောင့် ပလတ်စတစ်အမှိုက် ၈ ရာခိုုင်နှုန်းပိုမိုများပြားခဲ့ကြောင်း လေ့လာသူများကပြောဆိုခဲ့သည်။