CanSino ကုမ္ပဏီက ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး မှတ်ပုံတင်မှု တရုတ်အစိုးရ ခွင့်ပြု

CanSino ကုမ္ပဏီက ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး မှတ်ပုံတင်မှု တရုတ်အစိုးရ ခွင့်ပြု

တရုတ်ရှိ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ CanSino Biologics Inc က ၎င်းတို့စမ်းသပ်ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေး Ad5-nCOV အတွက် မှတ်ပုံတင်မှုကို တရုတ်အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
 

ယင်းသည် တရုတ်အစိုးရက ပထမဆုံးခွင့်ပြုသည့် COVID-19 ကာကွယ်ဆေး မှတ်ပုံတင်ဖြစ်ကြောင်း နိုင်ငံပိုင် ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ မှတ်ပုံတင်မှုအသိအမှတ်ပြုလက်မှတ်ကို သြဂုတ် ၁၁ ရက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတော် ဉာဏပစ္စည်းအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးသည့် စာရွက်စာတမ်းများကို သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

CanSino Biologics Inc ကထုတ်လုပ်ထားသည့် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုကို စတင်ရန် စီစဉ်ထားကြောင်း ဆော်ဒီအာရေဗျက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ရုရှား၊ ဘရာဇီးနှင့် ချီလီတို့တွင် တတိယအဆင့် စမ်းသပ်မှုများကို ပြုလုပ်ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း ကုမ္ပဏီကပြောဆိုခဲ့သည်။

ရီလွင် ဘာသာပြန်သည်။