မူလကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ၁၀ ဆပိုသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပြောင်းတစ်မျိုးကို မလေးရှား၌ တွေ့

မူလကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ၁၀ ဆပိုသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇပြောင်းတစ်မျိုးကို မလေးရှား၌ တွေ့

ကမ္ဘာတစ်ဝန်းကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်း ၁၀ ဆပိုသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်းတစ်မျိုးကို မလေးရှား၌ လေ့လာတွေ့ရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် နူး ဟီရှမ် အဗ္ဗဒူလာက သြဂုတ် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ D613G မျိုးဗီဇပြောင်းပုံစံကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေါက်တာ နူး ဟီရှမ်ကပြောဆိုခဲ့သည်။ "အခြားလူတွေဆီကို ကူးစက်နှုန်း ၁၀ ဆပိုမြန်ဆန်တဲ့ ဗိုင်းရပ်စ်မျိုးဗီဇပြောင်းပုံစံဖြစ်ပါတယ်" ဟု ဒေါက်တာ နူးဟီရှမ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ သြဂုတ် ၁၆ ရက်တွင် ရေးသားခဲ့သည်။

ဆီဗာဂန်ဂါအစုလိုက်အပြုံလိုက်ကူးစက်မှ ကူးစက်သူသုံးဦးနှင့် အူလူ တီရမ်အစုလိုက်အပြုံလိုက်ကူးစက်မှုမှ ကူးစက်သူတစ်ဦးတို့ထံမှ ထုတ်ယူထားသည့် ဗိုင်းရပ်စ်နမူနာများကို မလေးရှားဆေးသုတေသနအင်စတီကျုက လေ့လာရာမှ မျိုးဗီဇပြောင်းပုံစံကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အများပြည်သူကျန်းမာရေးထိန်းချုပ်မှုလုပ်ဆောင်နိုင်ခြင်းကြောင့် ယခုလောလောဆယ်တွင် ယင်းမျိုးဗီဇပြောင်းပုံစံ ပျံ့နှံ့ခြင်းမရှိသေးကြောင်း ဒေါက်တာ နူးဟီရှမ်က ပြောဆိုခဲ့သည်။

D614G မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်များက ဇူလိုင်တွင် တွေ့ရှိခြင်းဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးများဖြင့် ကာကွယ်ရန် ဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ယင်းကြောင့် အများပြည်သူအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ကိုမကြာခဏဆေးခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်းတို့အပါအဝင် ကျန်းမာရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာနူးဟီရှမ်ကပြောဆိုခဲ့သည်။

မလေးရှား၌ သြဂုတ် ၁၆ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၁၆ ဦးသည် ပြည်တွင်း ကူးစက်သူများဖြစ်ကြသည်။ ယင်းကြောင့် မလေးရှား၌ COVID-19 ကူးစက်သူ ၉၂၀၀ နှင့် သေဆုံးသူ ၁၂၅ ဦးရှိနေပြီဖြစ်သည်။ သြဂုတ် ၁၆ ရက်တွင် ပြန်လည်ကျန်းမာလာသူ ၂၈ ဦးရှိခဲ့သောကြောင့် ပြန်လည်ကျန်းမာလာသူ ၈၈၅၉ သို့မဟုတ် ကူးစက်သူများအနက် ၉၆ ဒသမ ၃ ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်း ဒေါက်တာနူးဟီရှမ်ကပြောဆိုခဲ့သည်။ အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူနေရသူ ခုနစ်ဦးရှိနေပြီး ၎င်းတို့အနက် နှစ်ဦးသည် အသက်ရှူအကူစက်လိုအပ်နေသည်။