ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် တိုကျိုရှိ ဆေးရုံတစ်ရုံ၌ သြဂုတ် ၁၇ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်တစ်ခုက ပြောဆိုခဲ့သည်။
တိုကျိုရှိ ကဲအီယိုတက္ကသိုလ်ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုခံယူရသည် အကြောင်းအရင်းကိုမသိရကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။ နစ်ပွန်ရုပ်သံဌာနက စိုးရိမ်စရာမရှိကြောင်း အစိုးရသတင်းအရင်းအမြစ်များကပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့ပြီး ကျိုဒိုသတင်းဌာနကလည်း ဝန်ကြီးချုပ်သည် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်အနီးနေများ၏ပြောဆိုမှုကို ကိုးကားဖော်ပြခဲ့သည်။
အာဘေးသည် တစ်နှစ်လျှင် နှစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုခံယူလေ့ရှိပြီး ဇန်နဝါရီ ၁၃ ရက်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူခဲပြီးဖြစ်ကြောင်း ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။ ဇွန်တွင် ပြုလုပ်ခဲ့သည့် စစ်ဆေးမှု၏နောက်ဆက်တွဲအဖြစ် သြဂုတ် ၁၇ ရက်တွင် စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနက ဆေးရုံသတင်းအရင်းအမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့သည်။
အသက် ၆၅ နှစ်အရွယ် အာဘေးသည် COVID-19 တိုက်ဖျက်ရေးအတွက် မနားမနေအလုပ်လုပ်ကိုင်ခဲ့သောကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း အာဏာရ ဒီမိုကရက်တစ်ပါတီ၏ အခွန်ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ အကီရာ အမာရီက ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။ ကျွန်တော် သူ့ကို ခဏအနားယူစေချင်တယ်၊ သူက တာဝန်ယူစိတ်ကြီးမားတော့ အနားယူတာကို မကောင်းဘူးပဲ ပြောနေတယ် ဟု အကီရာကပြောဆိုခဲ့သည်။
ဂျပန်ရှိ ဥပဒေများအရ ဝန်ကြီးချုပ် အာဘေးသည် တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိပါက ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားရသည့် ဒုတိယဝန်ကြီးချုပ် တာရို အာဆိုသည် ဝန်ကြီးချုပ်တာဝန်ကိုယူရမည်ဖြစ်သည်။
အာဘေးသည် ၂၀၁၂ ခုနှစ်ကတည်းက အာဏာရရှိခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကာ ဂျပန်ရှိ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်သည်။ အာဘေးသည် ကျန်းမာရေးဆိုးရွားလာသဖြင့် ၂၀၀၇ ခုနှစ်တွင် ပထမအကြိမ်ထမ်းဆောင်သည့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

















