ဗစ်တိုးရီးယားရှိ COVID-19 ကူးစက်မှုအားလုံး နိုင်ငံခြားခရီးသွားရာဇဝင်ရှိသူများနှင့် ဆက်စပ်နေ

ဗစ်တိုးရီးယားရှိ COVID-19 ကူးစက်မှုအားလုံး နိုင်ငံခြားခရီးသွားရာဇဝင်ရှိသူများနှင့် ဆက်စပ်နေ

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၌ မကြာသေးမီတွင်ရှိခဲ့သည့် COVID-19 ကူးစက်မှုအားလုံးနီးပါးသည် ပြည်ပမှ ပြန်လာပြီး သီးခြားထားရှိစောင့်ကြည့်စခန်းများအဖြစ် ပြောင်းလဲထားသည့် ဟိုတယ်များ၌ နေထိုင်နေသူများနှင့် ဆက်စပ်နေကြောင်း စုံစမ်း စစ်ဆေးမှုတစ်ရပ်အရ သိရသည်။

သီးခြားထားရှိစောင့်ကြည့်စခန်းများအဖြစ် ပြောင်းလဲထားသည့် ဟိုတယ်များရှိ အစောင့်များသည်လည်း လေ့ကျင့်သင်ကြား အကြံပေးမှုများကို ကျနစွာ ခံယူခဲ့ရခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရသည်။

တစ်ဦးနှင့်တစ်ဦး ၁ ဒသမ ၅ မီတာ အကွာ နေထိုင်ပါက နှာခေါင်းစည်း တပ်ရန်နှင့် အခြားအကာအကွယ်ပစ္စည်းများ လိုမည်မဟုတ်ကြောင်း ညွှန်ကြားမှုများရှိခဲ့သည်ဟု သြစတြေးလျမီဒီယာများက ဖော်ပြခဲ့သည်။

COVID-19 ဒုတိယလှိုင်းကြောင့် ဗစ်တိုးရီးယားပြည်နယ်၌ လက်ရှိတွင် ကူးသန်းသွားလာမှု ပိတ်ပင်ထားသည်။

ပိုမိုစည်းကမ်းတင်းကျပ်သော အဆင့် ၄ ပိတ်ပင်ကန့်သတ်ချက်ကိုလည်း မဲလ်ဘုန်းမြို့၌ သြဂုတ်လ ၂ ရက်မှစကာ သီတင်းပတ် ၆ ပတ်ကြာ သက်ရောက်စေခဲ့သည်။

သြဂုတ် ၁၇ ရက်တွင် ဗစ်တိုးရီးယားပြည်နယ်၌ COVID-19 ဖြင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ပြီး ကူးစက်သူသစ် ၂၈၂ ဦး ရှိခဲ့ကာ ကပ်ရောဂါစတင်ချိန်မှစ၍ တစ်ရက်အတွင်း သေဆုံးသူအများဆုံး ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်ပနိုင်ငံများမှ သြစတြေးလျသို့ ပြန်လာသူတိုင်းသည် သီးခြားထားရှိစောင့်ကြည့်အစီအစဉ်များကို လိုက်နာရန် လိုအပ်သည်ဟု သြစတြေးလျပြည်ထောင်စုအစိုးရက မတ်လအကုန်ပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

မဲလ်ဘုန်းအခြေစိုက် ဒိုဟာတီအင်စတီကျုမှ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟို ဌာန ညွှန်ကြားရေးမှူးပါမောက္ခ ဘင်ဟောင်ဒန်က ဇူလိုင်လ အကုန်ပိုင်းတွင် ရှိခဲ့သည့် COVID-19 ကူးစက်မှုများ၏ ၉၉ ရာခိုင်နှုန်းမှာ ပြည်ပသို့ ခရီးသွားရောက်ပြီးနောက် သြစတြေးလျသို့ ပြန်လာကြသူများနှင့်ဆက်စပ်နေကြောင်း ခြေရာခံတွေ့ရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။