လက်ဘနွန်၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် COVID-19 ကူးစက်သူဦးရေ မြင့်တက်

လက်ဘနွန်၌ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် COVID-19 ကူးစက်သူဦးရေ မြင့်တက်

လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်၌ ယခုလအစောပိုင်းတွင် လူပေါင်းများစွာသေဆုံးပြီး ထောင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် COVID-19 ကူးစက်မှုနှုန်း တရိပ်ရိပ် တက်လာသဖြင့် ကူးစက်မှုကိုထိန်းချုပ်ရန်အတွက် ရက်သတ္တပတ်နှစ်ပတ်ကြာ ကူးသန်းသွားလာမှုပိတ်ပင်ရန် ကျန်းမာရေးအရာရှိများက သြဂုတ် ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။

သြဂုတ် ၄ ရက်နေ့တွင် ဘေရွတ်ဆိပ်ကမ်း၌ အမိုနီယမ်နိုက်ထရိတ် တန် ၃၀၀၀ နီးပါး ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် လူစုလူဝေးပြုမှုများရှိခဲ့သဖြင့် COVID-19 ကူးစက်မှုနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၈၀ သေဆုံးပြီး ၆၀၀၀ ကျော်မှာ ဒဏ်ရာရရှိခဲ့ကာ လူ ၂၅၀၀၀၀ ခန့်သည် နေထိုင်ရန် အဆင်မပြေသည့် နေအိမ်များဖြင့် ကျန်ရှိခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် မြို့တော်ရှိ ဆေးရုံများ ဝန်ပိခဲ့ပြီး COVID-19 တိုက်ဖျက်ရေးတွင် အဓိကနေရာမှပါဝင်နေသည့် ဆေးရုံနှစ်ရုံလည်း အကြီးအကျယ်ထိခိုက်ခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆေးရုံများ၊ ဈာပနများတွင် လူစုလူဝေးမှုကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာနိုင်ကြောင်း ဆရာဝန်များက သတိပေးခဲ့သည်။

အာဏာပိုင်များအပေါ်တွင် ဒေါသထွက်ကာ ဆန္ဒပြမှုများလည်းရှိခဲ့သည်။ သြဂုတ် ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၅၆ ဦးနှင့် သေဆုံးသူသစ်၂ ဦးရှိကာ သြဂုတ် ၁၆ တွင် ကူးစက်သူသစ် ၄၃၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိခဲ့ရာမှ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကူးစက်သူ သစ်တိုးပွားလာမှုကြောင့် လူဦးရေ ၅ သန်းသာ ရှိသော နိုင်ငံငယ်လေးတွင် COVID-19 ကူးစက်သူ ၉၃၃၇ ဦး ရှိနေပြီဖြစ်သည်။COVID-19 ဖြင့်သေဆုံးသူ ၁၀၅ ဦး ရှိနေသည်။

တကယ်တမ်းကူးစက်သူဦးရေသည် အစိုးရကထုတ်ပြန်ထားသည့် ဦးရေထက် ပိုမိုများပြားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဟာမတ် ဟက်ဆင်က သတိပေးထားသည်။

သီတင်းပတ် နှစ်ပတ်ကြာ ကူးသန်းသွားလာမှု ပိတ်ပင်ရန် တိုက်တွန်းသည့် ကျန်းမာရေးအရာရှိများနှင့် သြဂုတ် ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီးက လူတိုင်း နှာခေါင်းစည်းတပ်ရန် ညွှန်ကြားချက်ထုတ်ခဲ့သည်။

ယခုကိစ္စသည် သေရေးရှင်ရေး ကိစ္စဖြစ်ပြီး ပုဂ္ဂလိကနှင့် အစိုးရဆေးရုံများသည် နောက်ထပ်လူနာများ လက်မခံနိုင်တော့ကြောင်း ဝန်ကြီးကပြောဆိုခဲ့သည်။