အသက် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်အရွယ်များကြောင့် COVID-19 ကူးစက်သူတိုးနေကြောင်း WHO သတိပေး

အသက် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်အရွယ်များကြောင့် COVID-19 ကူးစက်သူတိုးနေကြောင်း WHO သတိပေး

အသက် ၂၀ ကျော်၊ ၃၀ ကျော်နှင့် ၄၀ ကျော်အရွယ်များကြောင့် COVID-19 ကူးစက်သူဦးရေတိုးနေခြင်းဖြစ်ပြီး ယင်းအရွယ်များသည် ၎င်းတို့ကူးစက်ထားမှန်းကိုမသိဘဲ လွတ်လပ်စွာသွားလာနေသဖြင့် သက်ကြီးရွယ်အိုများကဲ့သို့ ကူးစက်ခံရပါက သေဆုံးနိုင်ခြေများသူများအတွက် အန္တရာယ်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူများတွင် လူငယ်များစွာပါဝင်နေကြောင်း WHO ကပြောဆိုခဲ့သည်။

''ကူးစက်တဲ့ပုံစံက ပြောင်းလဲနေပြီ၊ အသက် ၂၀ ကျော်၊ ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ်တွေကြောင့် ကူးစက်မှုနှုန်းမြင့်တက်နေတာဖြစ်ပါတယ်၊ သူတို့ကလည်း ကူးစက်ခံထားရမှန်းမသိကြဘူး'' ဟု WHO ၏ အနောက်ပစိဖိတ်ဒေသဆိုင်ရာဒါရိုက်တာ တာကဲရှီ ကာဆာအိက ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ ၂၂ သန်းကျော်နှင့် သေဆုံးသူ ၇၇၀၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ COVID-19 ဖြစ်စေသည့် ဗိုင်းရပ်စ်မျိုးဗီဇပုံစံပြောင်းမှုများရှိနေသည်ကို စောင့်ကြည့်နေပြီး ယခုလောလောဆယ်တွင် မျိုးဗီဇပြောင်းမှုတည်ငြိမ်နေသဖြင့် စိုးရိမ်စရာမရှိသေးကြောင်း ကာဆာအိကပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် COVID-19 ကာကွယ်ဆေးကို ပထမဆုံးအတည်ပြုပေးခဲ့သည့် ရုရှားနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း WHO ၏နည်းပညာအရာရှိနှင့် ဆေးဝါးမူဝါဒအကြံပေး ဆိုကော်ရို အက်စ်ကာလန်တဲက ပြောဆိုခဲ့သည်။

ဆေးဝါးကုမ္ပဏီများအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်ရာတွင် လိုအပ်သော သုတေသနနှင့် ဖွံ့ဖြိုးရေးအဆင့်များကို အတိအကျလိုက်နာရန်လိုအပ်ကြောင်း WHO က ပြောဆိုခဲ့သည်။