ရေးမြို့တွင် အရက်မူးပြီးရမ်းကားနေသူ သားမက်ကို ၀ါးချွန်ဖြင့်ထိုးရာက သေဆုံးခဲ့သည်ဆိုမှုကိုဖမ်းဆီး အရေးယူထားကြောင်း သြဂုတ်လ ၁၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။သြဂုတ် ၁၆ ရက်နေ့ ရေးမြို့နယ်၊အဘော်ကျေးရွာ၊ပတ္တမြားတန်းရပ် အဘော်ကျေးရွာနေ ရေလုပ်သား အေးမင်းကျော်(၂၆ နှစ်) မှာ နေအိမ်ခန်းအတွင်း ဝမ်းဗိုက်သွေးထွက်ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ ရာအိမ်မှူး ဦးမောင်လှိုင်(၅၉ နှစ်)က သွားရောက် စစ်ဆေးခဲ့သည်။
အေးမင်းကျော်မှာနေအိမ်ခန်းအတွင်းဝမ်းဗိုက်ချက်တည့်တည့်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့်သွေးများထွက်ကာလဲကျနေသည်ကိုတွေ့ရသဖြင့်၄င်း၏ ဇနီးဖြစ်သူ မသဇင်မိုး (၁၈)နှစ်ကို မေးမြန်းခဲ့ရာ ၄င်းရပ်ကွက်အတွင်းကြာဇံကြော်ခေါက်ဆွဲကြော်များရောင်းချပြီးအိမ်သို့ပြန်ရောက်စဉ်ခင်ပွန်းဖြစ်သူအေးမင်းကျော်မှာအရက်သေစာသောက်စားမူးယစ်ပြီးနေသည်ကိုတွေ့ရသည်။
အေးမင်းကျော်က ၄င်းထမင်းစားတော့မည် ထမင်းခူးပေးစမ်း ဟုပြောစဉ် ၄င်းက နင်ဘာသာနင် ထည့်စားဟု ပြောသဖြင့် အေးမင်းကျော်နေအိမ်အပြင်သို့ ထွက်သွားခဲ့ပြီး ည ၈ နာရီခန့် ပြန်ရောက် လာခဲ့သည်။ နေအိမ်တစ်ဖက်ခန်းတွင်နေထိုင်သူ ဖခင်ဖြစ်သည့် ဦးသန်းဇော်ဦး(၄၈ နှစ်)က ဆဲဆိုသဖြင့် အေးမင်းကျော်က အဖေဘယ်သူကိုဆဲတာလဲဟု မေးရာ “ငါ့ဟာငါဘယ်သူ့ကို ဆဲဆဲ”ဟု ပြောလိုက်ရာခင်ပွန်းဖြစ်သူအေးမင်း ကျော်မှနေအိမ် ခေါင်းရင်းရှိ" တလိုင်းမင်း နတ်စင်" ကိုလက်သီးနှင့်ထိုးခဲ့သည်။
ထိုသို့ပြုမူသဖြင့် ဖခင်ဖြစ်သူဦးသန်းဇော်ဦးမှ ၄င်းတို့အခန်းဘက်သို့ရောက်ရှိလာပြီးအခန်းအတွင်းတွေ့ရှိသောအရှည်ဝါးပိုးဝါးခြမ်းအချွန်ဖြင့်တစ်ချက်ထိုးခဲ့ရာ ဝမ်းဗိုက်ချက်တည့်တည့်သို့ထိုးမိပြီး ထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိကာအေးမင်းကျော်မှာလဲကျသွားခဲ့သောကြောင့် ပတ်ဝန်းကျင်ကို အကူညီတောင်းခံစဉ် ဘေးအိမ်နေသူများရောက်လာပြီး ရာအိမ်မှူးထံအကြောင်း ကြားခဲ့ခြင်းဖြစ်သည်။
သန်းဇော်ဦးကို စစ်ဆေးချက်အရ သားမက်ဖြစ်သူ အေးမင်းကျော်မှာ အရက်သောက်စားမူးယစ်ကာ စျေးရောင်းပြန်လာသည့်သမီးဖြစ်သူကို အမြဲပြဿနာရှိတက်သောကြောင့် ဆဲဆိုခဲ့သည့်အပေါ် သားမက်က နတ်စဉ်ကို လက်သီးဖြင့်ထိုးသဖြင့် နေအိမ်ခန်းတွင်းဝင်ရောက်ကာ ၀ါးခြမ်းပြားချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဒဏ်ရာရရှိသူ အေးမင်းကျော်ကို ရေးမြို့ပြည်သူဆေးရုံသို့ပို့ခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၃ နာရီအချိန်၌ ရေးမြို့မရဲစခန်းတွင် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ရေးမြို့မရဲစခန်း(ပ)၄၈၂/၂၀၂ဝရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ အရ အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ သန်းဇော်ဦး ကိုဖမ်းဆီးပြီးနောက် အခင်းဖြစ်စဉ်ကအသုံးပြုသည့်သက်သေခံဝါးအချွန်ကိုသိမ်းဆည်းခဲ့သည်။
ထို့နောက် ဒဏ်ရာရရှိသူ အေးမင်းကျော်မှာ ရရှိသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့သောကြောင့် ရဲစခန်းက မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

















