အက်ဖက်တမင်း ၁၃၈၀ ကီလို သယ်ဆောင် လာသည့် စက်လှေတစ်စီးနှင့် ထွက်ပြေးတိမ်းရှောင်သူ ၅ ဦးကို ဖမ်းမိ

အက်ဖက်တမင်း ၁၃၈၀ ကီလို သယ်ဆောင် လာသည့် စက်လှေတစ်စီးနှင့် ထွက်ပြေးတိမ်းရှောင်သူ ၅ ဦးကို ဖမ်းမိ

ကျိန္တလီမြို့မောင်းဒေါက်ချောင်းဝ အနီး ရေပြင်တွင် အက်ဖက်တမင်း ၁၃၈၀ ကီလို သယ်ဆောင် လာသည့် စက်လှေတစ်စီးနှင့် ထွက်ပြေးတိမ်းရှောင်သူ ၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သြဂုတ် ၁၉ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှသိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝ အနီး မသင်္ကာဖွယ်ရေယာဉ်တစ်စီးကျောက်ချရပ်နားထားကြောင်း ဒေသခံများ၏သတင်းပေးချက်အရ ကျိန္တလီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါရေပြင်တွင် ၈ လုံးထိုးအင်ဂျင်၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ စက်လှေတစ်စီးကို တွေ့ရှိပြီး စစ်ဆေးရှာဖွေရာစက်လှေအတွင်းမှ ဆာလာအိတ် ၆၁ အိတ်ဖြင့်ထည့်ထားသည့် အိုက်စ် (မက်အဖက်တမင်း) ၁,၃၈၀ ကီလိုသိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါ မသင်္ကာဖွယ်တွေ့ရှိသည့် စက်လှေပေါ်သို့ အခြားစက်လှေတစ်စီးဖြင့် ရှာဖွေရန်တက်ရောက်စဉ် စက်လှေပေါ်မှ အမျိုးသား ၅ ဦးရေထဲခုန်ချထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးသွားသူများနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ဩဂုတ် ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဂွမြို့နယ်၊ စမ်းချောင်း ကျေးရွာအနီး၌ မောင်ပု(ခ)လှငွေ(၄၂)နှစ်ကိုလည်းကောင်း၊ သြဂုတ် ၁၇ ရက်နေ့ ညနေ ၅ နာရီ အချိန် ခန့်တွင် ကျိန္တလီမြို့တွင်းနှင့် သံတွဲ-ကျိန္တလီသွား ကားလမ်းမပေါ်တွင် ဟွန်ဒိုင်းလိုက်ထရပ် အမျိုးအစား ယာဉ်ဖြင့်လိုက်ပါလာသည့် ကျော်မိုးဆွေ(၁၉)နှစ်၊ ဖြိုးမင်းအောင်(၂၇)နှစ်၊ စန်းလင်း(၂၉)နှစ်၊ ထွန်းထွန်းဝင်း(၄၁)နှစ် တို့ကို လည်းကောင်းအမှုဖြင့် အသီးသီးဖမ်းဆီးရမိခဲ့သည်။

၄င်းတို့ကို စစ်ဆေးချက်အရ သံတွဲမြို့နယ်၊ ကင်းမော်ရွာအနီးရေပြင်တွင် မူးယစ်ဆေးဝါးသယ် ဆောင်လာသည့် အခြားစက်လှေတစ်စီးပေါ်မှ ယခုဖမ်းဆီးရမိစက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံကြားရှိရေပြင် သို့ပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်လှေအားကြီးကြပ်၍ မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်လာ သူမှာ ထွန်းထွန်းဝင်း ဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်း လှိုင်းလေပြင်းထန်နေသဖြင့် မောင်း ဒေါက်ချောင်းဝအနီးကျောက်ချရပ်နားနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းထွက်ဆိုခဲ့သည်။ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကကွင်းဆက်ပါဝင်သူများကိုစုံစမ်းလျက်ရှိပြီး ၄င်းတို့ကို ဆက်လက် အရေးယူထားသည်။