တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နာမည်ကျော်ပီကင်းဘဲကင်ဆိုင် Quanjude က စားသုံးသူများအနေဖြင့် စားနိုင်သည်ထက် ပိုမိုမှာယူခြင်းမပြုရန် တိုက်တွန်းမှုတစ်ခုကို ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်း ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နေချိန်တွင် စားနိုင်သည်ထက် ပိုမိုမှာယူခြင်းသည် ရှက်စရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုခဲ့ပြီးဖြစ်သည်။ တရုတ်သမ္မတ၏ပြောဆိုမှုကြောင့် စားသောက်ကုန်လုပ်ငန်းများသည် ပိုလျှံအစားအစာ လျှော့ချရေးလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။
ဒေသဆိုင်ရာအစိုးရများနှင့် စားသောက်ဆိုင်များကလည်း အစားအစာပိုလျှံမှုမရှိစေရေး စည်းမျဉ်းများထုတ်နေပြီး စားသောက်ဆိုင်တချို့ကလည်း မှာယူပြီးနောက် မစားနိုင်ဘဲ ကျန်ရှိသော အစားအစာများကို ရေတွက်ကာ ငွေပိုမိုကောက်ခံသည့် စနစ်ကျင့်သုံးနေသည်။
စားသုံးသုံးဦးရေအတိုင်း မှာယူကာ ဖြစ်နိုင်ပါက ဆိုင်သို့လာရောက်သည့် စားသုံးသူဦးရေထက် တစ်ပန်းကန်စာလျှော့ကာ မှာယူရန် ပေကျင်းရှိ Quanjude ဆိုင်ခွဲတစ်ခုက စည်းမျဉ်းထုတ်ထားသည်။ စားပြီးနောက် ကျန်ရှိသည့် အစားအစာများကို အိမ်သို့ ပါဆယ်ထုပ်သွားရန်လည်း တိုက်တွန်းထားသည်။
တရုတ်ရှိ စားသောက်ဆိုင်လုပ်ငန်းသည် တစ်နှစ်လျှင် အစားအစာ တန် ၁၇ မှ ၁၈ သန်းကို စွန့်ပစ်နေရကာ ယင်းသည် လူ သန်း ၃၀ မှ ၅၀ အထိကို ကျွးနိုင်သည့် ပမာဏဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

















