COVID-19 ကာကွယ်ဆေး တန်ဖိုးကြီး မည်မဟုတ်ကြောင်း တရုတ်ဆေးဝါးကုမ္ပဏီ Sinopharm ပြောဆို

COVID-19 ကာကွယ်ဆေး တန်ဖိုးကြီး မည်မဟုတ်ကြောင်း တရုတ်ဆေးဝါးကုမ္ပဏီ Sinopharm ပြောဆို

တရုတ် အမျိုးသားဆေးဝါးလုပ်ငန်းစု(Sinopharm) က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပမာဏအတွက် ကုန်ကျစရိတ်သည် ယွမ် ၁၀၀၀( ဒေါ်လာ ၁၄၄ ဒသမ ၂၇) ထက် ပိုမိုမည်မဟုတ်ကြောင်း လုပ်ငန်းစုဥက္ကဋ္ဌ လျူ ချင်းကျန်းက ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်အကုန်တွင် COVID-19 ကာကွယ်ဆေးကို အများပြည်သူ ထိုးနှံရန်အတွက် ထုတ်လုပ်ပေးရန် အသင့်ဖြစ်နေမည်ဖြစ်ကြောင်း ဆေးဝါးကုမ္ပဏီက ပြောဆိုခဲ့ပြီးဖြစ်သည်။ နောက်ဆုံး အတည်ပြုချက် မယူမီတွင် လူအများအပြား၌ ထိရောက်မှုရှိမရှိကို သိရှိရန် ကုမ္ပဏီသည် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ( ယူအေအီး)၌ နောက်ဆုံးအဆင့် လူသားတွင် စမ်းသပ်မှုများပြုလုပ်နေပြီ ဖြစ်သည်။

"ဈေးက သိပ်ကြီးမှာ မဟုတ်ဘူး၊ တစ်ခါထိုးရင် ယွမ်ရာနဲ့ချီပြီးအနည်းငယ်လောက်ပဲကျမှာ၊ နှစ်ခါထိုးအတွက် ယွမ် ၁၀၀၀ လောက်တောင်ကျမှာမဟုတ်ဘူး"ဟု လျူက ကွမ်မင်းနေ့စဉ် သတင်းစာသို့ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ဆေးဝါးကုမ္ပဏီများသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် အပြင်းအထန်ကြိုးပမ်းနေကြသည်။ ကာကွယ်ဆေး အမျိုးအစား ၂၀၀ ကျော်ကို စမ်းသပ်နေပြီး ၎င်းတို့အနက် ၂၀ ကျော်သည် နောက်ဆုံးအဆင့် လူသား၌ စမ်းသပ်မှုတွင် ရောက်ရှိနေပြီဖြစ်သည်။

ကာကွယ်ဆေးတစ်ခါထိုး ပမာဏကို ၃၂ မှ ၃၇ ဒေါ်လာနှုန်းဖြင့် ဈေးနှုန်းသတ်မှတ်ထားကြောင်း Moderna ဆေးဝါးကုမ္ပဏီက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်အစိုးရသည် ဆေးဝါးကုမ္ပဏီ Pfizer နှင့် မိတ်ဖက် BioTech SE တို့က ထုတ်လုပ်မည့် ကာကွယ်ဆေးကို ဝယ်ယူရန် လွန်ခဲ့သောလတွင် စာချုပ်ချုပ်ဆိုခဲ့သည်။ အမေရိကန်နိုင်ငံသား သန်း ၅၀ ကိုကာကွယ်ဆေးထိုးနှံပေးရန် ပမာဏကို မှာယူထားပြီး တစ်ဦးလျှင် ဒေါ်လာ ၄၀ ခန့်ကျသင့်မည်ဖြစ်သည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံရ အာမခံစနစ်အရ ကာကွယ်ဆေးထိုးနှံမှုအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်က ကျခံမည်မခံမည်နှင့် နိုင်ငံတစ်ဝန်း အခမဲ့ကာကွယ်ဆေးထိုးနှံမှုစနစ်မှုအောက်တွင်ရှိမရှိကိုမူ Sinopharm မှ လျူက ပြောဆိုခြင်းမပြုခဲ့ချေ။