အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆၇၃ ဦးရှိခဲ့သောကြောင့် ကူးစက်သူ စုစုပေါင်း ၁၃၂၀၄၃ ဦးရှိနေပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှား၌ သြဂုတ် ၁၈ ရက်တွင် COVID-19 ဖြင့် သေဆုံးသူ ၇၀ ရှိခဲ့သောကြောင့် သေဆုံးသူ ၆၂၇၇ ဦး ရှိနေပြီဖြစ်သည်။ အင်ဒိုနီးရှား၌ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး ပြန်လည်ဦးမော့လာရေးကို ရည်ရွယ်သည့် ရူပီးယား ၂၇၄၇ ဒသမ ၅ ထရီလီယံ( ဒေါ်လာ ၁၈၅ ဘီလီယံ) တန်ဖိုးရှိ အသုံးစရိတ်ဆိုင်ရာအဆိုတစ်ခုကို သမ္မတဂျိုကိုဝီဒိုဒိုက လွန်ခဲ့သောအပတ်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ဂျကာတာမြို့၌ COVID-19 ကူးစက်မှုထိန်းချုပ်ရေးအတွက် တစ်စိတ်တစ်ပိုင်း ကူးသန်းသွားလာမှုပိတ်ပင်ချက်ကို သက်တမ်းတိုးရန် ဒေသဆိုင်ရာအစိုးရက လွန်ခဲ့သော အပတ်တွင် ဆုံးဖြတ်ခဲ့သည်။ ပိတ်ပင်ချက်သည် သြဂုတ် ၁၇ ရက်အထိ သက်ရောက်မှု ရှိမည်ဖြစ်သည်။
တရုတ်ဆေးဝါးကုမ္ပဏီ Sinovac သည် အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုကို ပြုလုပ်နေပြီး တရုတ်ကျန်းမာရေး အာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိပါက အင်ဒိုနီးရှားသည် ကာကွယ်ဆေးထုတ်လုပ်ရေးနည်းပညာများကို ဦးစားပေးရရှိမည်ဖြစ်သည်။

















