ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၁၈ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၈၃၆ ဦးရှိခဲ့သောကြောင့် နေ့စဉ် ကူးစက်သူသစ် ၃၀၀၀ ကျော်ရှိနေသည်မှာ ခုနစ်ရက်ဆက်တိုက် ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်၌ သြဂုတ် ၁၈ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ခုနစ်ဦးရှိခဲ့၍ သေဆုံးသူ ၂၆၈၇ ဦးရှိနေပြီဖြစ်သည်။ နိုင်ငံတွင်း COVID-19 ကူးစက်သူ ၁၆၉၂၁၃ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြီး ရုန်းကန်နေရသည့် စီးပွားရေးလုပ်ငန်းများအား ကူညီနိုင်ရန်အတွက် မြို့တော် မနီလာနှင့် အနီးဝန်းကျင်ခရိုင်များ၌ ချမှတ်ထားသည့် တင်းကျပ်သော ကူသန်သွားလာမှုကန့်သတ်ချက်များကို ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် သြဂုတ် ၁၇ ရက်တွင် ဖြေလျှော့ပေးခဲ့သည်။
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် လိုအပ်သော်လည်း အများပြည်သူအနေဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ကြောင်း ဒူတာတေးက ပြောဆိုခဲ့သည်။
မနီလာရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲတော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုခဲ့ပြီးနောက် အစိုးရသည် မြို့တော်နှင့် အနီးဝန်းကျင်ဒေသများ၌ သြဂုတ် ၄ မှ ၁၈ ရက်အထိ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ခဲ့သည်။
သြဂုတ် ၁၉ ရက်တွင် စတင်သက်ရောက်မည့် ဖြေလျှော့မှုများအရ စားသောက်ဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်အများစု ပြန်လည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ကြောင်း သမ္မတ၏ပြောခွင့်ရှိသူ ဟာရီ ရိုကပြောဆိုခဲ့သည်။ ဘာသာရေးဆိုင်ရာ အဆောက်အအုံများသည်လည်း ယခင်က တက်ရောက်သူဦးရေ၏ ၃၀ ရာခိုင်နှုန်းကိုသာ လက်ခံမည်ဆိုပါက ပြန်လည် ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်သည်။
အစိုးရသည် ယခုအချိန်အထိ COVID-19 ရှိမရှိစစ်ဆေးမှု ၁ ဒသမ ၉ သန်းကျော်ကို ပြုလုပ်ခဲ့ပြီး လာမည့်နှစ်လယ်ပိုင်းအထိ စုစုပေါင်းလူဦးရေ၏ ၁၀ ပုံတစ်ပုံသို့မဟုတ် လူ ၁၀ သန်းကို စစ်ဆေးပြီးဖြစ်နေရန် လျာထားချက်ချထားသည်။

















