ထိုင်းအစိုးရအဖွဲ့ နုတ်ထွက်ပြီး ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကာ အခြေခံဥပဒေသစ်ရေးဆွဲပေးရန် တောင်းဆိုသည့်အနေဖြင့် တက္ကသိုလ်ကျောင်းသားများ ဦးဆောင် ဆန္ဒထုတ်ဖော်မှုများသည် အထက်တန်းကျောင်းသားများကြားသို့ ပျံ့နှံ့သွားစရာမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သြဂုတ် ၁၈ ရက်တွင် လျှော့ပေါ့ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ပြီး ဘုရင်စနစ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် တက္ကသိုလ်ကျောင်းသားများက နေ့စဉ်နီးပါး စုဝေးကာ ဆန္ဒပြတောင်းဆိုနေသည်။ ကျောင်းသားများ၏လုပ်ရပ်ကို ထောက်ခံသူများပြားလာခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ဘန်ကောက်၌ လူ ၁၀၀၀၀ ကျော် စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
ယခုအပတ်တွင် ဆန္ဒပြမှုများသည် အထက်တန်းကျောင်းများသို့ ပျံ့နှံ့သွားကာ နိုင်ငံတော်သီချင်းကိုသီဆိုချိန်တွင် ကျောင်းသားများသည် အာဏာဖီဆန်မှု သင်္ကေတဖြစ်သည့် လက်ချောင်းသုံးချောင်းကို ထောင်ကာ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။
"ကျွန်တော် မြင်တာကတော့ ကျောင်းသားလေးတွေရဲ့ ရိုးရှင်းရဲ့ ရည်ရွယ်ချက်ပဲ၊ တချို့လည်း ဆန္ဒပြတာမပါချင်ဘူးလို့ကြားမိတယ်၊ အနိုင်ကျင့်ခံရလို့ ဆန္ဒဝင်ပြနေရတာလို့ ပြောကြတယ်"ဟု ပရာယွတ်ကပြောဆိုခဲ့သည်။
ပရာယွတ်အစိုးရနုတ်ထွက်ပြီး အခြေခံဥပဒေသစ်ရေးဆွဲပေးကာ တော်ဝင်မိသားစုကို ကာကွယ်ပေးထားသည့် ဥပဒေကို ဖျက်သိမ်းပေးရန် ဆန္ဒပြသူများက တောင်းဆိုနေသည်။ သြဂုတ် ၁၆ ရက် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် "အာဏာရှင်ကို ဖဲကြိုးဖြူနဲ့ ဆန့်ကျင်ကြ"ဟု တိုက်တွန်းမှုများ တွစ်တာ၌ ခေတ်စားနေသည်။
ဆံပင်၊ လက်ကောက်ဝတ်နှင့် ကျောပိုးအိတ်များတွင် ဖဲကြိုးဖြူများချည်ထားသည့် အထက်တန်းကျောင်းသားများ၏ဓာတ်ပုံများကို လူမှုမီဒီယာများတွင် မြင်တွေ့လာရသည်။ သို့သော် စာသင်ကျောင်းဝန်ထမ်းများနှင့် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများကို ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
ဆန္ဒထုတ်ဖော်သည့် အထက်တန်းကျောင်းသားများအပေါ် ဖိနှိပ်မှုများနှင့်ပတ်သက်၍ စိုးရိမ်မိပြီး ကလေးများနှင့် လူငယ်များက ၎င်းတို့၏အနာဂတ်အပေါ် သက်ရောက်မှုရှိမည့် အရေးကိစ္စများနှင့်ပတ်သက်၍ အကြောက်တရားမရှိ၊ ခြိမ်းခြောက်ခံရမှုမရှိဘဲ အမြင်များကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိသင့်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) က ထုတ်ပြန်ခဲ့သည်။

















