မာဆေးလ်အသင်း၌ COVID-19 ကူးစက်သူသုံးဦး ထပ်တွေ့၍ ရာသီသစ် ပြင်သစ်လီဂူးအဖွင့်ပွဲ ရွှေ့ဆိုင်း

မာဆေးလ်အသင်း၌ COVID-19 ကူးစက်သူသုံးဦး ထပ်တွေ့၍ ရာသီသစ် ပြင်သစ်လီဂူးအဖွင့်ပွဲ ရွှေ့ဆိုင်း

မာဆေးလ်အသင်း၌ COVID-19ကူးစက်ခံရသော ကစားသမားသုံးဦး ထပ်မံတွေ့ရှိခဲ့၍ ၂ဝ၂ဝ-၂၁ ရာသီ သစ် ပြင်သစ်လီဂူး အဖွင့်ပွဲဖြစ်သော မာဆေးလ်နှင့် စိန့်အက်တီယန်တို့၏ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ပြင်သစ်လီဂူး အဖွင့်ပွဲကို သြဂုတ် ၂၁ ရက်တွင် မာဆေးလ်ကွင်း၌ စတင်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း မာဆေးလ်နောက်ခံလူ အမာဗီနှင့် ကစားသမား သုံးဦးတွင် ကူးစက်မှုရှိနေ၍ တာဝန်ရှိသူများက ပွဲရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသော ကစားသမားသုံးဦး၏အမည်ကို မာဆေးလ်အသင်းက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ယခုအခါ မာဆေးလ်နှင့် စိန့်အက်တီယန်တို့၏ပွဲကို လာမည့် စက်တင်ဘာ ၁၆ ရက် သို့မဟုတ် ၁၇ ရက်တွင် ကစားစေမည်ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြင်သစ်လီဂူး အသင်း ၁၁ သင်းမှ ကစားသမားအယောက် ၄ဝ မှာ COVID-19ကူးစက် ခံထားရကြောင်း အေအက်ဖ်ပီက ဆိုသည်။ မာဆေးလ် သည် ဗိုင်းရပ်စ်ကူးစက်မှုများကြောင့် စတုဂတ်နှင့် ခြေစမ်းပွဲကိုလည်း ဖျက်သိမ်းခဲ့ရသည်။

၂ဝ၁၉ -၂ဝ လီဂူးပြိုင်ပွဲမှာ COVID-19 ကြောင့် ဧပြီ ၂၈ ရက်က ဆက်လက်မကစားဘဲ ပိတ်သိမ်းခဲ့ သည်။ ပြင်သစ်၌ သြဂုတ် ၁၉ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂ဝဝဝဝ ကျော် ရှိနေကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး